နေပြည်တော် ဇူလိုင် ၂၃
အာဟာရတန်ဖိုးမြင့်မားသည့် တိရစ္ဆာန်အစာပင်များကို စနစ်တကျစိုက်ပျိုးအသုံးပြု ကျွေးမွေး ခြင်းဖြင့် မွေးမြူရေးအစာဝယ်ယူရသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်မည် ဖြစ်သည့်အပြင် အသားနှင့် နို့ထုတ်လုပ်မှုကိုလည်း တိုးတက်လာစေနိုင်မည် ဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုး ၍ မွေးမြူရေးလုပ်ကိုင်ခြင်းသည် ရာသီဥတု ပြောင်းလဲမှုကြောင့် အစာရှားပါးမှု ကြုံတွေ့ရပါကလည်း သိုလှောင်ထားသည့် အစာများကို အသုံးပြုကျွေးမွေးနိုင်မည်ဖြစ်၍ မိမိတို့၏ မြေလွတ်နေရာများ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း၊ တောင်သူအစုအဖွဲ့များ ဖွဲ့စည်း၍ စီးပွားဖြစ် စိုက်ပျိုးခြင်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် “တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲမှ သိရသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ထက်ထက်ခိုင်ဝင်းက တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး ဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေး တင်ပြကာ တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ တောင်သူများက အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်


