ကိုလံဘို ဇူလိုင် ၂၃
သီရိလင်္ကာသည် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံသား ၂၅၀၀၀၀ အတွက် ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ရည်မှန်းထားကြောင်း သီရိလင်္ကာ နိုင်ငံခြားအလုပ်အကိုင်ဗျူရို(SLBFE) က ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
အမျိုးသား ၉၂၅၉၀ နှင့် အမျိုးသမီး ၅၀၄၉၇ ဦးအပါအဝင် သီရိလင်္ကာနိုင်ငံသား စုစုပေါင်း ၁၄၃၀၈၇ ဦးမှာ ယခုနှစ်အတွင်း ပြည်ပတွင်အလုပ်လုပ်ကိုင်ရန်အတွက် ထွက်ခွာခဲ့ကြောင်း သိရသည်။
သီရိလင်္ကာ နိုင်ငံခြားအလုပ်အကိုင်ဗျူရိုသည် သီရိလင်္ကာအလုပ်သမား ၁၄၀၀၀ ကို အစ္စရေးနိုင်ငံသို့ စေလွှတ်ရန်စီစဉ်ခဲ့ရာ ၇၈၇၃ ဦးမှာ ထွက်ခွာပြီးဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၌လည်း ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသား ၄၇၉၄ ဦး အလုပ်အကိုင်ရရှိခဲ့ရာ အလုပ်သမား ၈၀၀၀ ကို စေလွှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသား ၇၃၆၂၃ ဦးမှာ ကျွမ်းကျင်အလုပ်အကိုင်များအတွက် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၆၉၄၉၄ ဦးမှာ ပညာအရည်အချင်းမလိုသည့်အလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း SLBFE ၏ အချက်အလက်များအရ သိရသည်။
သီရိလင်္ကာ ရွှေ့ပြောင်းအလုပ်သမားများက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ လွှဲပို့ပေးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


