ဇူလိုင် ၂၄
အိန္ဒိယအစိုးရက အမေရိကန်-အီရန် ပဋိပက္ခဆက်လက်ဖြစ်ပွားနေမှုကြောင့် နိုင်ငံ၏နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးကဏ္ဍ အကြီးအကျယ်ထိခိုက်ခဲ့ပြီး ဇူလိုင် ၂၀ ရက်အထိ လေကြောင်းခရီးစဉ်ပေါင်း ၂၆၀၀၀ ခန့် ထိခိုက်မှုရှိခဲ့သည်ဟု ယမန်နေ့ကပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသရှိ လေကြောင်းလမ်းကြောင်းများ ကန့်သတ်ခြင်းနှင့် ပိတ်ပင်ခြင်းများကြောင့်ဖြစ်ပြီး လေကြောင်းလိုင်းများ အနေဖြင့် အခြားလမ်းကြောင်းများကို ပြောင်းလဲအသုံးပြုရသဖြင့် ပျံသန်းမှုကြာချိန် ရှည်လျားကာ လည်ပတ်စရိတ်များ မြင့်တက်လာခြင်းကြောင့် လေကြောင်းလိုင်းများအပေါ် ဝင်ငွေများစွာ ဆုံးရှုံးစေခဲ့သည်ဟု သိရသည်။
အရပ်ဘက်လေကြောင်း ကြီးကြပ်ရေးအဖွဲ့ဖြစ်သော လေကြောင်းအထွေထွေညွှန်ကြားရေးဦးစီးဌာနသည် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခရီးသည်များ၊ လေယာဉ်အမှုထမ်းများနှင့် လေယာဉ်များ၏ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လုံခြုံရေးကို သေချာစေရန် လမ်းညွှန်ချက်များစွာ ထုတ်ပြန်ခဲ့ကြောင်းဖော်ပြထားသည်။
အစိုးရအနေဖြင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ပံ့ပိုးကူညီရန်နှင့် လေကြောင်းခရီးသွားလာမှု ကုန်ကျစရိတ်များကို တတ်နိုင်သမျှ သက်သာစေရန် အစီအမံများစွာ ဆောင်ရွက်ထားသည်ဟု သိရသည်။
ခရီးသည်များ အဆင်မပြေမှုကို အနည်းဆုံးဖြစ်စေရန်အတွက် အစိုးရက ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသည့် ခရီးသည်အကူအညီပေးရေး ထိန်းချုပ်ခန်းကို တည်ထောင်ပြီး အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လေကြောင်းလိုင်းများအား လက်မှတ်ငွေပြန်အမ်းပေးခြင်းနှင့် ခရီးစဉ်ပြန်လည်စီစဉ်ပေးခြင်းများကို အဆင်ပြေချောမွေ့စေရန်ညွှန်ကြားကာ လေဆိပ်များရှိ အကူအညီပေးရေးဌာနများကိုလည်း အားဖြည့်တိုးချဲ့ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်းသွားလာနေစဉ် ထိခိုက်မှုကြုံတွေ့ခဲ့ရသည့် အိန္ဒိယနိုင်ငံသားများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကူအညီပေးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


