ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခေါင်းဆောင်သည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာသည်ကိုတွေ့ရသည်။ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများထက်ပိုမိုသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတည်ဆောက်နိုင်ခဲ့သည်ကို မကြာသေးမီကပင် တွေ့ရသည်။ တစ်ဆက်တည်းတွင် သံတမန်ဆက်ဆံရေးနယ်ပယ်တွင်လည်း မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးထက်ပိုမိုသည့် ထိတွေ့ဆက်ဆံမှုများ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ဇူလိုင် ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးတို့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများတွင် မြန်မာနိုင်ငံ၏ သံတမန်အဆင့်အတန်းမြင့်မားစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမဆောင်တော်ဂုဏ်ပြုခန်းမ၌ သံအမတ်ကြီးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် သက်ဆိုင်ရာနိုင်ငံအလံတို့ကို အလေးပြုကြသည်။ သံအမတ်ကြီးများသည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီးနောက် နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာများ အသီးသီးပေးအပ်ကြသည်။
ထို့နောက် နှစ်နိုင်ငံအကြားဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံ့တာဝန်ထမ်းဆောင်နေမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ယခုထက်ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဗီယက်နမ်နိုင်ငံ၌ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတို့ကို ကျင်းပပြုလုပ်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်သည့်အခြေအနေများနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ကာဇက်စတန်နိုင်ငံအနေဖြင့် အလှမ်းကွာဝေးသော်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်မည့်အခြေအနေ၊ ကာဇက်စတန်နိုင်ငံအနေဖြင့် အလယ်အာရှဒေသ တွင်တည်ရှိပြီး တရုတ်နိုင်ငံကိုဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံ များနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့်လည်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု စသည်တို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြ သည်။ ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့ အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမှ သံအမတ်ကြီးက လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်မည့်အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သည့် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးနယ်ပယ် အသီးသီး၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံနေသည်ကို တွေ့မြင်ရသဖြင့် မြန်မာနိုင်ငံနှင့်နိုင်ငံ အချင်းချင်းဆက်ဆံရေး၊ နှစ်နိုင်ငံခေါင်းဆောင်များ၊ နှစ်နိုင်ငံပြည်သူတို့၏ ဆက်ဆံရေးများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုလာမည်ဟု ယုံကြည်ပါကြောင်း၊ ဆက်လက်၍လည်း အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံပြီး နှစ်နိုင်ငံအကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။


