ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သန်လျင်မြို့နယ် တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်ပြီး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဦးစွာ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ယင်းနောက် IGE Land Co.,Ltd. မှ Chief Operation Officer ဦးကျော်သက်က ရုံးအဆောက်အအုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးအဆောက်အအုံနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို သန်လျင်မြို့နယ် တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


