ပေကျင်း ဇူလိုင် ၂၆
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားသား ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်ရေးနှင့် နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများအား ကောင်းမွန်စေရေးအတွက် ပြန်လည်ပြင်ဆင်ကာ ဒီဂျစ်တယ်စနစ်ဖြင့် မြှင့်တင်ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကွီယန်ကျန်းက ပြောကြားသည်။
တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုအစီအစဉ်ကိုပံ့ပိုးရန် ပိုမိုကျယ်ပြန့်သော တွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် “လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစီမံခန့်ခွဲရေးတွင် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမှု” အစီအမံများအား မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါအစီအစဉ်အရ ခရီးသည်များအတွက် ပြည်ဝင်ခွင့်လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူစေရေးအတွက် ခရီးသွားလာရေးဆိုင်ရာ အထောက်အထားများဖြစ်သည့် ပတ်စ်ပို့နှင့် နယ်စပ်ဖြတ်ကျော်သွားလာခွင့်များအား ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို မြှင့်တင်မည်ဟု ၎င်းက ပြောကြားသည်။
ယခုအစီအစဉ်အရ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်လုပ်ငန်းများအား ဒီဂျစ်တယ်စနစ်ဖြင့် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ဝင်ခွင့်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာမူဝါဒများအား ထပ်မံချိန်ညှိဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်းရှိ လွတ်လပ်သည့် ကုန်သွယ်ရေးဇုန်များတွင် လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပလုပ်သားများအတွက် ယခုအစီအမံက အကျိုးရှိစေမည်ဖြစ်သည်။ ယခုဆောင်ရွက်သည့် အစီအမံသည် တရုတ်အစိုးရက ပြီးခဲ့သည့် နှစ်များအတွင်းက ဆောင်ရွက်နေသည့် ပြည်ပခရီးသွား များအား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ဖြင့်သွားလာသည့်စနစ်အား မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် နိုင်ငံပေါင်း ၅၀ မှ နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုထားသည်။ ၎င်းအပြင် နိုင်ငံ ၅၅ နိုင်ငံမှ ခရီးသွားများအား နာရီ ၂၄၀ ကြာ ခရီးတစ် ထောက်နားစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


