ကျိုင်းလပ် ဇူလိုင် ၂၆
တာချီလိတ်မြို့နယ် ဝမ်လန်း(မိုင်းလန်း) ကျေးရွာ၌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ မိုဘိုင်း စခန်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်မျိုးဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မိုဘိုင်းစခန်းအတွင်းရှိ ဆက်သွယ်ရေး စက်ကိရိယာများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဦးစီးမှူးက မိုဘိုင်းစခန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဒေသခံပြည်သူများရရှိမည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မိုဘိုင်းစခန်းသစ်သည် ဆက်သွယ်ရေးလိုင်း အားနည်းနေသည့် နယ်စပ်နှင့် ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ပိုမိုတည်ငြိမ်ကောင်းမွန်စေရန်၊ ဒီဂျစ်တယ်ဆက်သွယ် ရေးကွန်ရက်လွှမ်းခြုံမှု တိုးမြှင့်ရန်၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အရေးပေါ် ဆက်သွယ်ရေးကဏ္ဍများတွင် လျင်မြန် ထိရောက်သော ဝန်ဆောင်မှုများ ရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


