ရမည်းသင်း ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ငလျင်ဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၅ ရက်တွင် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ငလျင်စတင် လှုပ်ခတ်ကြောင်း အချက်ပြအသံဖြင့် ပြုလုပ်ပြီး မျက်နှာကြက်မှ အုတ်ခဲများ ပြုတ်ကြလာကာ ဝပ်၊ ကာ၊ ကိုင် နည်းလမ်းဖြင့် ကျောင်းသား ကျောင်းသူများ သရုပ်ပြခဲ့၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အဝါရောင်အဆင့်၊ အနီရောင်အဆင့်၊ အစိမ်းရောင်အဆင့်ဖြင့် ရှာဖွေ ကယ်ဆယ်မှုများကို သရုပ်ပြလေ့ကျင့်ခဲ့ရာ မီးသတ်ယာဉ်များဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ သရုပ်ပြလေ့ကျင့် ပြုလုပ်သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)


