အေအိုင်တို့သည် တစ်ခါတစ်ရံတွင် အရာဝတ္ထုများ ခွဲခြားသိမြင်ခြင်းနှင့် ပတ်သက်၍ အမြင်ဆိုင်ရာ ကြိုတင်ဟောကိန်းထုတ်ခြင်းကို လူသားတို့လို လုပ်ဆောင်နိုင်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဦးနှောက်က တွေးသလို တွေးခြင်းဖြစ်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုလေ့လာမှုအသစ်အရ အေအိုင်မိုဒယ်တို့သည် ပရိုင်းမိတ်တို့၏ ဦးနှောက်တွေးသလိုမျိုး တွေးကြခြင်းမဟုတ်ဟု တွေ့လာရသည်။
ယော့ခ်တက္ကသိုလ်မှ သုတေသီများက စက်အမြင်နှင့် ဇီဝအမြင်တို့ကို နှိုင်းယှဉ်လေ့လာနိုင်ရန် ပြောင်းပြန်ဟောကိန်းထုတ်သည့်နည်းကို သုံးခဲ့ရာမှာ ထိုအချက်ကို တွေ့ရှိလာရခြင်းဖြစ်သည်။ ပြောင်းပြန်ဟောကိန်းထုတ်ခြင်းဆိုသည်မှာ အေအိုင်သည် ဦးနှောက်လိုအလုပ်လုပ်လျှင် အပြန်အလှန်အားဖြင့် ဦးနှောက်ထဲမှ နျူရွန်တို့သည် အေအိုင်ကသုံးထားသည့် နျူရွန်အတုတို့ ဘယ်လိုအလုပ်လုပ်သလဲဆိုသည်ကို ခန့်မှန်းနိုင်ရမည်ဟု ဆိုလိုသည်။
စမ်းသပ်သည့်ပုံစံမှာ ပရိုင်းမိတ် ဦးနှောက်ရှိသော မျောက်တစ်ကောင်ကို ပုံတစ်ပုံပြမည်။ ဦးနှောက်ကို အီလက်ထရုတ်များဖြင့် ချိတ်ဆက်ထားပြီး ဘယ်နျူရွန်များ အလုပ်လုပ်လဲဆိုသည်ကို မှတ်တမ်းတင်မည်။ ထိုပုံကိုပင် အေအိုင်ကိုပြမည်။ အေအိုင်ထဲမှ နျူရွန်အတုများ အလုပ်လုပ်သည့်ပုံစံကို မှတ်တမ်းတင်မည်။ ထိုအတိုင်း အကြိမ်ထောင်နှင့်ချီလုပ်မည်။ ထို့နောက် စက်သင်ယူမှု မိုဒယ်တစ်ခု ဆောက်သည်။ အဆိုပါမိုဒယ်မှာ အေအိုင်ထဲမှ နျူရွန်တို့၏ အဆင်အကွက်ပုံစံများကို နက်နက်နဲနဲလေ့လာပြီး ဦးနှောက်ကထုတ်ပေးမည့် နျူရွန်တို့ကို ခန့်မှန်းနိုင်မလားစမ်းသည်။ အဖြေမှန်ရသည်။ ထို့ကြောင့် အေအိုင်သည် ဦးနှောက်လိုမျိုးပင် အလုပ်လုပ်နေသည်ဟု ယူဆထားခဲ့ကြသည်။
ယင်းမှာ အစောပိုင်းက လေ့လာမှုပုံစံဖြစ်သည်။ ယခုလေ့လာမှုမှာ ဦးနှောက်ထဲမှ နျူရွန်တို့၏ လှုပ်ရှားမှုအဆင်အကွက်များကို လေ့လာသင်ယူပြီး အေအိုင်ဘက်၌ဖြစ်လာမည့် နျူရွန်အတုတို့၏ အဆင်အကွက်များကို ခန့်မှန်းနိုင်ဖို့ စက်သင်ယူမှုမိုဒယ်တစ်ခု တည်ဆောက်ပြီး လေ့လာခြင်းဖြစ် သည်။ ယင်းကိုပင် ပြောင်းပြန်ဟောကိန်းထုတ်မှုဟု ခေါ်သည်။ ထိုသို့လုပ်ရာတွင် မိုဒယ်သည် နျူရွန်အတုတို့၏ အဆင်အကွက်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လက်ရှိ အေအိုင်မိုဒယ်များသည် ဦးနှောက်တွေးသလို တွေးနေခြင်း မဟုတ်ဆိုသည့် အဖြေထွက်လာသည်။ ဦးနှောက်က မသုံးသော အခြားနည်းလမ်းတစ်ခုဖြင့် ဦးနှောက်နှင့်တူအောင် လိုက်လုပ်နေခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။
ထိုအချက်က ဘာကြောင့် အရေးကြီးလဲဆိုလျှင် အေအိုင်က ဦးနှောက်လိုအလုပ်လုပ်ပါက အေအိုင်၏ နျူရွန်များ အလုပ်လုပ်ပုံကိုဖော်ထုတ်ပြီးဦးနှောက်တွင်ဖြစ်သည့် ရောဂါများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထိုရည်မှန်းချက်ဖြင့်ပင် အေအိုင်ကို ဦးနှောက်လိုတွေးရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ဆုံးရလဒ်ကတော့ အာရုံကြောကုသရေးနယ်ပယ်အတွက် သတင်းကောင်းတစ်ခုမဟုတ်ဟု ဆိုနိုင်ပါသည်။
Ref: scitechdaily


