နေပြည်တော် ဇူလိုင် ၂၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ယမန်နေ့က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကလေးမြို့ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ကလေး) ရှိ ဝန်ထမ်းများ၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များနှင့် ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ကလေး)မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး သင်တန်းကျောင်း အောင်ချက်ရာခိုင်နှုန်းများ ကောင်းမွန်စေရေး ကြိုးစားရန် မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်