ခင်မောင်ညို(ဘောဂဗေဒ)


တက္ကသိုလ်ဆရာလုပ်ခဲ့ဖူးလေတော့ တက္ကသိုလ်ဆိုလိုက်ရင် ဘယ်တက္ကသိုလ်ဖြစ်ဖြစ် ကိုယ့်မိသားစုလိုပဲသဘောထားပြီး ရောက်ချင်၊ သွားချင်တယ်။ တက္ကသိုလ်ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့တွေ့ရဆုံရတာ ကျေနပ်တယ်။ 


လှိုင်သာယာကို ဖြတ်သွားဖြတ်လာလုပ်ပေါင်းများ ပြီ။ လှိုင်သာယာနည်းပညာတက္ကသိုလ် (ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်)က ၁၉၉၀ ပြည့်နှစ်တွေလောက်မှာ အစောဆုံးဖွင့်တဲ့ တက္ကသိုလ်တစ်ခုဖြစ်မယ်ထင်ပါတယ်။ ဖြတ်သွားဖြတ်လာမှာ သတိထားမိပေမယ့် ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ဖူးပါဘူး။ ရောက်ဖူးစရာအကြောင်းကလည်း မရှိဘူးလေ။ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးရုံမက ဆွေးနွေးပွဲလေးတစ်ခုမှာပါ ပါဝင်ခွင့်ရတာပါ။


ဝမ်းနည်းစရာကောင်းတာက ကျောင်းသွားဖို့ရက်ပိုင်းအလိုမှာ လှိုင်နယ်မြေ (သမိုင်းကောလိပ်) ဝင်းထဲမှာ ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့ ဆရာကျော်(ဦးကျော်ကျော်လွင်) တစ်ယောက် အဲဒီတက္ကသိုလ်ရဲ့မော်ကွန်းထိန်းအနေနဲ့ တာဝန်ထမ်းဆောင်နေရာက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းပါ။

 

ခေါင်းစဉ်ကြီးက ဧရာမ
ဆွေးနွေးပွဲမှာ ပါဝင်ပြီး ပြောရမယ်ဆိုလို့သာ ပြောမယ်ဖြေလိုက်တာ။ ခေါင်းစဉ်ကြီးက ဧရာမ။ ကိစ္စတော့မရှိ၊ အိုင်တီပညာရှင် တစ်ယောက်၊ နိုင်ငံတကာ အတွေ့အကြုံရှိသူတွေက နှစ်ယောက်၊ မော်ဒရေတာ လုပ်မယ့်သူကလည်း ရင်းနှီးပြီးသား။ ကိုယ်များများ စားစား ပြောစရာရှိမယ်မထင်။ ပြောချိန်လည်း သိပ်ရ မှာမဟုတ်။


ပါမောက္ခချုပ် ကိုယ်တိုင်စီစဉ်တဲ့ပွဲဆိုတော့ပရိသတ်တော့ များလောက်ကောင်းပါရဲ့။ ဆယ်နာရီနောက်ပိုင်းရောက်မှ ကိုယ့်အလှည့်ကျမှာဖြစ်ပေမယ့်လမ်းပိတ်မှာစိုးလို့ မနက် ၈ နာရီ သာသာကတည်းက လာခေါ် ကြတယ်။ ကျန်တဲ့ဆရာ ဆရာမတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြတယ်။ လမ်းမှာ နံနက်စာကျွေး မယ်လို့ ဆိုပေမယ့် ဆိုင်ပိတ်သွားတာကို သတိမထား မိကြဘဲ ဖြစ်နေလို့ မစားရ။ ကျောင်းကဆိုင်ရောက်မှစားဖြစ်ကြတယ်။ နေ့လယ်စာကိုလည်း ကျောင်း စားသောက်ဆိုင်ကပဲ မှာကျွေးတယ်။ 


ထူးဆန်းတာက အဲဒီကျောင်းမှာပဲရတဲ့ “အသားစုံပေါက်စီ”ဆိုတဲ့ ဟင်းပါ။ အပေါ်က ဂေါ်ဖီထုပ်နဲ့ အုပ်ထား တယ်။ အသားစုံဆိုတော့ ကိုယ်မကြိုက်တဲ့အသားတွေပါနိုင်တယ်ဆိုပြီး မစားဖြစ်ပါ။

 


စတုတ္ထပညာရေး
ဆွေးနွေးပွဲခေါင်းစဉ်က Education 4.0 for Industry တဲ့။ လွယ်လွယ်ပြန်ရရင် “ စတုတ္ထစက်မှုတော်လှန်ရေးအတွက် စတုတ္ထပညာရေး” လို့ ပြောရ မလား။ စတုတ္ထစက်မှုတော်လှန်ရေးဆိုတဲ့ ဝေါဟာရ ကတော့ က္ဘာ့စီးပွားရေးဖိုရမ်က စလာတဲ့သဘော တရားတစ်ခုပါ။ အကျယ်ကို အများပြောဖူးကြ၊ ရေးဖူးကြ တော့ ဒီမှာအကျယ်မပြောတော့ပါဘူး။ စတုတ္ထပညာ ရေးဆိုတာက ဘာပါလိမ့်။ ကိုယ်လည်း အခုမှ ကြားဖူး တာ။


 ၁၉၉၆ ခုနှစ်လောက်က အမေရိကန်နိုင်ငံကို ပထမ ဆုံးစရောက်ဖူးတော့ အမေရိကန်စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေကိုကြည့်ပြီး အမေရိကန်မှာ ဘာပညာ သင်သင်၊ သင်ဖို့လွယ်လိုက်တာ၊ စာအုပ်တွေစုံလိုက်၊ ပေါလိုက်တာလို့ မြင်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံမှာ အင်တာ နက် ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်လာတော့ မြန်မာမှာ လည်း ပညာသင်ဖို့ လွယ်လာပြီလို့ မြင်မိတယ်။ ဒါပေ မယ့် အနည်းဆုံး အင်္ဂလိပ်လိုလေး ဖတ်တတ်ဖို့တော့လိုတာပေါ့လေ။ 


စတုတ္ထပညာရေးဆိုတာ ကြားကို မကြားဖူးသေးတာ။ ၂၁ ရာစု ပညာရေးအကြောင်းကတော့ ရေးနေကျ၊ ပြောနေကျ၊ သင်နေကျလေ။ ဒါပေမယ့် ကိစ္စမရှိ။ အဘိဓာန်တောင် သိပ်မကိုင်ဖြစ်အောင် အားကိုးရတဲ့သုတေသနလက်ထောက် Google ရှိနေပြီလေ။ ရှာဖွေလေ တွေ့ရှိလေပဲ။ ဖတ်လို့တောင် မကုန်နိုင်ဘူး။ ကဲပြောစရာတွေ သုံးမျက်နှာလောက်ရပြီ။ လူလေးယောက်ပြောရမှာဆိုတော့ ပြောဖို့အချိန်ရပါ့မလား။ ဒါလည်း ကိစ္စမရှိဘူး။ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သွားပို့ထားလိုက်တယ်။ အီးမေးလ်လည်း ပို့ပေးထားလိုက်တယ်။ ကိုယ့်ကွန်ပျူတာကို အလေးခံသယ်သွားစရာမလိုဘူး။ အနည်း ဆုံး ကိုယ့်ဖုန်းထဲမှာ ပြန်ဖွင့်ကြည့်ရင် ရနိုင်တာပဲ။ ပြဿနာ တစ်ခုပဲ။ အဲဒီဝက်ဘ်ဆိုက်ကို သူတို့ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေလည်း သိပ်ကြည့်ပုံမရ။ 


ဆွေးနွေးနေတာကို တိုက်ရိုက်(Live) လွှင့်တော့လည်း ကြည့်သူသိပ်မရှိ၊ သူတို့တင်ထားတာကို ကိုယ့်ဆီပြန်ဝေမျှတော့ ကြည့်သူနည်းနည်းတိုးလာလေရဲ့။ ကိုယ့်အလှည့်ကျတော့ “ပြောချင်တာတွေ မှတ်စုထုတ်ပြီး ဝက်ဘ်ဆိုက်ပေါ်တင်ထားပေးတယ်လေ။ ဒါပဲ” လို့ပြောလိုက်တယ်။ 


နိုင်ငံခြားရေးဝန်ကြီးဌာနကလုပ်တဲ့ သင်တန်းလေး တစ်ခုမှာ တစ်ခါက စာသင်သွားတော့ သစ်ကိုင်းကျိုးကျပြီး သင်တန်းခန်းမမှာ လျှပ်စစ်မီးကမရ။ အဲဒီတော့ သူတို့ကျောင်းသားခေါင်းဆောင်ဆီ ကိုယ်ပြောမှာတွေ လှမ်းပြီး အီးမေးလ်နဲ့ပို့၊ သူက တစ်ခါ တခြားသင်တန်းသားတွေဆီဝေမျှ၊ လူတိုင်းက ကိုယ့်ဖုန်းလေးတွေကိုကြည့်ပြီး သင်ခဲ့ကြ တဲ့ အတွေ့အကြုံကို သွားသတိရတယ်။ အဲဒါ တတိယနဲ့စတုတ္ထစက်မှုတော်လှန်ရေးပေါ့လို့ အိုင်တီပညာရှင်က ပြောတယ်။ စတုတ္ထစက်မှုတော်လှန်ရေးမှာ တီထွင်သူမဟုတ်ရင်တောင် အနည်းဆုံးတော့ အသုံးပြုသူတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတယ်လေ။


စတုတ္ထစက်မှုတော်လှန်ရေး 
စတုတ္ထစက်မှုတော်လှန်ရေးအကြောင်းသိဖို့က ၁၈ ရာ စုနဲ့ ၁၉ ရာစုလောက်က ဥရောပနဲ့ မြောက်အမေရိက မှာဖြစ်ခဲ့တဲ့ ပထမစက်မှုတော်လှန်ရေးက စရမယ်။ သံတို့၊ ချည်ထည်လုပ်ငန်းတို့၊ ရေနွေးငွေ့အင်ဂျင်တို့ ပေါ်ပေါက်တဲ့ခေတ်ပေါ့။ ၁၈၇၀-၁၉၁၄ ကာလကို ဒုတိယခေတ်။ သံမဏိ၊ ရေနံ၊ လျှပ်စစ်၊ လျှပ်စစ်သုံးပြီး ကုန်ပစ္စည်း အမြောက်အမြား ထုတ်လုပ်တဲ့ခေတ်ပေါ့။ တတိယက အခုမျက်မှောက်ခေတ် “ ဒစ်ဂျစ်တယ်ခေတ်”  တစ်ကိုယ်ရေသုံးကွန်ပျူတာတွေ၊ အင်တာနက်တွေ၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာတွေ သုံးတဲ့ခေတ်ပေါ့။ စတုတ္ထစက်မှုတော်လှန်ရေးက တတိယစက်မှုတော်လှန်ရေးကို ဆင့်ပွားလိုက်တာ။ 


စက်ရုပ်၊ ဦးနှောက်အတု၊ နာနိုနည်းပညာ အစစ အရာရာ အင်တာနက်သုံးလုပ်တာ (Internet of Things)တွေပေါ့လေ။ နာနိုနည်းပညာ၊ ဇီဝနည်းပညာတွေလည်း ပါသပေါ့။ ၂၀၁၅ ခုနှစ်လောက်မှာ ဒီသဘောတရားနဲ့ဝေါဟာရကို စတင်သုံးလာကြပါတယ်။ တတိယနဲ့ စတုတ္ထတစ်ဆက်တည်းလို့ ပြောလို့ရပါတယ်။ ဒါနဲ့ သတိရလို့ပြောရရင် ဆွေးနွေးပွဲမစမီမှာ တက္ကသိုလ်ပဋိညာဉ်(Charter) အကြမ်းဆွဲထားတာလေးကို ဝင်ရောက်ဆွေးနွေးခွင့်ရတော့ လှိုင်သာယာစက်မှုဇုန်ဆိုတဲ့ စက်မှုလောကနဲ့ ပညာရေးလောကက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့ ဘယ်လိုဆက်စပ်ကြမလဲ၊ နည်းပညာလား၊ အလုပ်သမားလား၊ ငွေကြေးလားဆိုတာမေးဖြစ်တော့ ဝိုင်းဝန်းလည်း ဆွေးနွေးကြပါတယ်။ သတိထားမိသလောက်တော့ တခြားကျောင်းတွေမှာ ပညာရေး လောကနဲ့ လုပ်ငန်းခွင်လောက အဆက်အစပ် ဆွေးနွေးကြ သလား၊ မဆွေးနွေးကြဘူးလားဆိုတာတော့ ကိုယ်လည်း အပြင်လောကရောက်နေတာမို့ မသိရ။ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကတော့ ခန်းမအပြည့် တက်ရောက်ကြတာ၊ လေးရာ၊ ငါးရာလောက်ရှိမယ်ထင်တယ်။ 


ဒီကျောင်းမှာ ဒီထက်ကြီးမားတဲ့ ခန်းမကြီးဆောက်လုပ်နေတာကိုတော့ တွေ့ရတယ်။ အဲဒီခန်းမကြီးပြီးသွားရင်ကျောင်းနဲ့ ပြင်ပလက်တွေ့လောကရယ်၊ ပညာရှင်တွေရယ်ထပ်ချိတ်ဆက်ပြီး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာနိုင်ကောင်း ပါတယ်။ လောလောဆယ်တော့ စာမေးပွဲမဖြေမီစိတ်အပန်းဖြေတဲ့အနေနဲ့ သင်္ကြန်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေကြတာ တွေ့ရတယ်။ ဒီအချိန်မှာ ကျောင်းတွေကိုသိကြားမင်းဆင်းလာရင်တောင် ကျောင်းသားကတ်မပြ နိုင်လို့ ကျောင်းသင်္ကြန်ဆင်နွှဲခွင့်ရမှာ မဟုတ်ဘူးလို့နောက်ပြောင်တဲ့ ကာတွန်းတွေကို ဒီရက်ပိုင်းတွေမှာ ဖတ်နေရတယ်။


ဦးတည်ချက် (၉) ခုရှိ
ပညာရေးရဲ့ အဆင့်လေးဆင့် တိုးတက်ဖြစ်ထွန်းလာ ပုံကို ပြောရမယ်ဆိုရင် ပထမအဆင့်ကတော့ ရာစုနှစ်ပေါင်း များစွာ ကျင့်သုံးလာတဲ့ မှတ်မိအောင်လုပ်တဲ့အဆင့်၊ အလွတ်ကျက်တဲ့အဆင့်၊ ဒုတိယအဆင့်မှာတော့ အင်တာ နက်သုံးပြီး လေ့လာတဲ့ခေတ်၊ တတိယအဆင့်မှာ ပညာ

ဗဟုသုတ(Knowledge)ကို အသုံးပြု(စားသုံး)သလိုထုတ်လုပ်လည်း ထုတ်လုပ်တဲ့ခေတ်။ စတုတ္ထခေတ်မှာ တော့ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်နိုင်အောင် ပညာရေး ကို လုပ်ပိုင်ခွင့်ပေးတဲ့ခေတ်ပေါ့။ စတုတ္ထအဆင့်ပညာရေး မှာ ဦးတည်ချက် (၉) ခုရှိပါသတဲ့။ 


၁။ ပထမတစ်ခုက ဘယ်အချိန်၊ ဘယ်နေရာမဆို၊ ပညာသင်ယူနိုင်တယ်။ 
၂။ ကျောင်းသားတစ်ယောက်ချင်းနဲ့ အဆင်ပြေ သင့်လျော်သလို လေ့လာဆည်းပူးနိုင်မယ်။ 
၃။ ဘယ်လိုနည်း၊ ဘယ်လိုကိရိယာတွေ သုံးပြီး လေ့လာမယ်ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်။ ကာလကတ္တား တက္ကသိုလ်ရောက်စဉ်က သင်ပုန်းအမည်းရော၊ သင်ပုန်းအဖြူရော၊ ကွန်ပျူတာရော အားလုံးတစ်ပြိုင်နက်တည်း သုံးနေတာ တွေ့ခဲ့ရ) 
၄။ ဗဟုသုတနဲ့ အတွေ့အကြုံကို ပေါင်းစပ်အသုံး ချခွင့်ရမယ့် လုပ်ငန်းစီမံကိန်း(Project Base) သင်ခန်းစာတွေ များများလုပ်ကြမယ်။ စုစည်း တတ်၊ ပေါင်းလုပ်တတ်၊ အချိန်ကို စနစ်တကျ သုံးတတ်အောင် လုပ်ရမယ်။ 
၅။ အလုပ်သင်ဆင်း ။ (ကျောင်းပြီးခါနီးတို့၊ ကျောင်း ပြီးမှတို့မဟုတ်၊ ကျောင်းတက်နေတုန်း)
၆။ ကိန်းဂဏန်းတွေလို အဓိပ္ပာယ်ဖော်တတ်ရမယ်။ (ယုတ္တိဗေဒ) ၇။ ကျောင်းသားတစ်ယောက်ချင်းစီကို အမှတ်ပေးမယ်။ (သင်္ချာအားသန်သူ သင်္ချာ၊ ဘာသာစကားအားသန်သူက ဘာသာ စကား)၊ သင်္ချာအားသန်သူကို ညံ့တယ်လို သတ်မှတ်မရ၊ ဘာသာစကားအားသန်သူလည်းမညံ့။ သူ့နေရာနဲ့သူ တော်ကြတာ အသိအမှတ်ပြုရမယ်။ 
၈။ သင်ရိုးòန်းတမ်းရေးဆွဲရာ မှာ၊ သင်ရိုးòန်း တမ်းတွေ ခေတ်မီအောင်လုပ်ရာ မှာ ကျောင်းသားတွေ ကိုယ်တိုင်ပါဝင်ရမယ်။ 
၉။ ကိုယ့်ဘာသာ ပိုပြီးလွတ်လွတ်လပ်လပ် လေ့လာ။ (ဆရာဗဟိုပြုမဟုတ်၊ ဆရာက အကူအညီပေးသူ)

 

လေ့လာဆည်းပူးတဲ့တာဝန်

တစ်နည်းပြောရရင် လေ့လာဆည်းပူးတဲ့တာဝန်ဟာ ဆရာတွေ ပခုံးကနေ ကျောင်းသားတွေ ပခုံးဘက်ကို တော်တော်များများ ရောက်သွားမယ်။ ဒါဖြင့်ရင်တက္ကသိုလ်တွေ၊ လက်ရှိပညာရေးစနစ်တွေက ကပြောင်းကပြန်ဖြစ်ကုန်တော့မှာလားလို့ မေးစရာရှိတယ်။ အဲဒီလိုမဟုတ်ဘူး။ ပထမဆုံးနဲ့ အရေးအကြီးဆုံး အချက်က ကျောင်းသားကိုယ်တိုင်က ကိုယ့်ဝါသနာနဲ့ကိုယ့်အရည်အချင်းကို သေသေချာချာ သိနားလည်ထားဖို့လိုတယ်။

 
ကျွန်တော်တို့ဆီမှာက အသက်လည်းငယ်နေ၊ ဆယ်တန်းအောင်တာလည်းစောနေ၊ မိဘတွေအကြိုက်ကို လိုက်လျောရတာတွေ ရှိနေလေတော့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကောင်းကောင်းမသိ၊ ကိုယ့်အရည်အချင်းကိုလည်းမသိ၊ ဟိုဟာလုပ်ချင်သလိုလို၊ ဒီဟာလုပ်ချင်သလိုလိုတွေ ဖြစ်နေတတ်ကြတယ်။ ပြီးတော့ ကိုယ်ရွေးချယ်တဲ့ ပညာရေးလမ်းကြောင်းနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ဆက်စပ်မှု ဘယ်လိုရှိသလဲဆိုတာ သိထားဖို့ ကောင်းတယ်။ ကျန်တဲ့ပညာရေးရဲ့ အခြေခံအပိုင်းတွေကတော့ ပြောင်းလဲမသွားပါဘူး။ 


ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ဘွဲ့ရဖို့မဟုတ်၊ စာတတ်ဖို့မဟုတ်၊ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ ဖြစ်တယ်။ တစ်နည်းအားဖြင့် လုပ်နိုင်ကိုင်နိုင်တဲ့ နိုင်ငံသား တစ်ယောက် ဖြစ်လာဖို့၊ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ ဆရာ ဆရာမတွေရော၊ ကျောင်းသား ကျောင်းသူတွေရော၊ မိဘတွေပါ သိထားဖို့လိုတယ်။ 


စတုတ္ထပညာရေးကို သွားဖို့ဆိုတာက ကျောင်းသား ကျောင်းသူတွေက စတုတ္ထကျောင်းသား ကျောင်းသူတွေဖြစ်ဖို့လိုသလို ကျောင်းသား ကျောင်းသူတွေရဲ့ဘဝမှာ အရေးပါတဲ့ မိဘနဲ့ အဝန်းအဝိုင်းတွေကလည်း စတုတ္ထမိဘဖြစ်ဖို့လိုတယ်လို့ ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြ တယ်။ 


အိုင်စီတီပညာရှင်တစ်ယောက်က ဖြစ်နိုင်သမျှ ကျောင်းတက်ပါ၊ အွန်လိုင်းချည်း အားမကိုးပါနဲ့၊ ဘွဲ့လည်း ရအောင်ယူပါလို့ အားပေးတိုက်တွန်းတာ ကြားလိုက်ရပါ တယ်။ ပညာရေးရဲ့ မပြောင်းလဲတဲ့သဘောတရားတွေက အခြေခံသဘောတရားတွေကို ကျေညက်ပိုင်နိုင်ဖို့လိုတယ်။ အခြေခံကျွမ်းကျင်မှုတွေရအောင်ထပ်တလဲလဲ လေ့ကျင့်ဖို့လိုတယ်။ စာပေပညာ လေ့လာ ရာကရတဲ့ အချက်အလက်တွေကို လက်တွေ့အခြေအနေ နဲ့ လိုက်လျောညီထွေ ကျင့်သုံးတတ်ဖို့ လိုတယ်။ 


လှေနံဓားထစ်၊ အမေမှာတဲ့အတိုင်းလုပ်ဖို့မဟုတ်ဘူး။ ဘာသာရပ်တစ်ခုကို ဝတ်ကျေတမ်းကျေ စာမေးပွဲအောင်ဖို့ လေ့လာတာမဟုတ်၊ တကယ်စိတ်ဝင်စားရမယ်။ ရူးသွပ်စွဲလမ်းမှုရှိရမယ်။ တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း လေ့လာရမယ်။ မူလသဘောတရားတွေကို အခြေခံပြီး အမြင်သစ်၊ ရှုထောင့်သစ်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေ လုပ်နိုင်ရ မယ်။ ဝန်ဆောင်မှုအသစ်၊ ထုတ်ကုန်အသစ်တွေ ဖန်တီး တီထွင်နိုင်ရမယ်။ တစ်မျိုးပြောရရင် စာသင်နေရတာ ပျော်စရာတွေဖြစ်နေရမယ်။ ပညာရေးနဲ့ ကစားနည်းတွေကို ရောစပ်အသုံးပြုနိုင်ရမယ်။ ကဲ ပညာသင်ရတာ ပျင်းစရာလား၊ ပညာလိုချင်တဲ့သူတစ်ယောက်အတွက် ပညာရေးဝေးသလား။ ကြေးမုံ