မောင်စာဂ


ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၃ တွင်တရားစီရင်ရာ တွင် အခြေခံရမည့်မူများအဖြစ် အောက်ပါ အတိုင်းပြဋ္ဌာန်းထားသည် - 
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ 
( ခ ) ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ 
( ဂ ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့်အယူခံပိုင်ခွင့်ရရှိရေး၊ 
(ဃ) ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာ တွင် အထောက်အကူဖြစ်စေရေး၊ 
( င ) ဥပဒေကိုပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့်ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး၊ 
( စ ) ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး၊ 
(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေး ရာ တွင် အကျင့်စာရိတ္တပြုပြင်ရေးတို့ဖြစ်သည်။
တရားရုံးများသည် တရားစီရင်ရေးကိစ္စဆောင်ရွက်ကြရာ၌ ဤအခြေခံမူများ ( ၇ ) ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြမည်ဆိုပါက တရားဥပဒေစိုးမိုး လျက်ရှိနေမည်။ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်နေမည်သာဖြစ်သည်။ ဤသို့ဖြင့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူ (၇) ချက်ရှိသည့်အနက် ပထမဆုံးအချက်ဖြစ်သည့် ]ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး} ဟူသည် အဘယ်နည်း။ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များ အပေါ်အခြေခံ၍ အနှစ်ချုပ်မျှဝေပါရစေ။


လွတ်လပ်စွာတရားစီရင်ရေးဟုဆိုရာ တွင် ဥပဒေနှင့်အညီမဟုတ်ဘဲ လွတ်လွတ်လပ်လပ် တရားစီရင်ခြင်း မျိုးမဟုတ်။ ဥပဒေနှင့်အညီ လွတ်လွတ်လပ်လပ်တရားစီရင်ခြင်းမျိုးကိုဆိုသည်။ ဥပဒေနှင့်အညီ ဖြစ်ရမည်။ လွတ်လွတ်လပ်လပ် တရားစီရင်ခြင်းလည်းဖြစ်ရ မည်။ သို့မှသာ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရား စီရင်ခြင်းဖြစ်မည်။

လွတ်လပ်စွာဟူသည်
လွတ်လပ်စွာဟုဆိုရာ တွင် တရားသူကြီးများသည်အနှောင်အဖွဲ့ကင်းရမည်။ ဩဇာလွှမ်းမိုးမှု ရှင်းရမည်။ ဆန ́တည်းဟူသော မိမိ၏အလိုဆန ́ကို လိုက်ခြင်း၊ ဒေါသတည်းဟူသော မလိုမုန်းထား အမျက်ထား ခြင်း၊ ဘယာတည်းဟူသော ထိတ်လန့်ကြောက်ရွံ့စိုးရိမ်စိတ်ထားခြင်း၊ မောဟတည်းဟူသော တွေဝေ စိတ်ထားခြင်းတို့ ကင်းရမည်။ တံစိုး၊ လက်ဆောင်စသည့် လာဘ်ပေး၊ လာဘ်ယူမှု တစ်စုံတစ်ရာ မ ရှိရ။ ဤအချက်များ လုံးဝကင်းရှင်းစွာ တရားစီရင်မှုပြုပါလျှင်လွတ်လပ်စွာ တရားစီရင်ဆုံးဖြတ်ခြင်းဟူသော အသွင်သ္ဌာန် အနှစ်သာရ ရုပ်လုံးပေါ်နေမည်။

ဥပဒေနှင့်အညီဟူသည်
ဥပဒေနှင့်အညီဟုဆိုရာ တွင် တရားစီရင်မှု အစမှအဆုံးထိ၊ တရားစီရင်ရေး တစ်လျှောက်လုံး ဥပဒေနှင့်အညီ ဖြစ်ရမည်ကိုဆိုသည်။ ဥပဒေဟုဆိုရာ တွင်တရားရုံးများက တရားစီရင်မှု ဆုံးဖြတ်ရာ တွင် လိုက်နာရန် ပြဋ္ဌာန်းဥပဒေများရှိသည်။ သာဓကအဖြစ် ကောက်နုတ်ဖော်ပြရသော် -


ရာဇဝတ်မှုများ စစ်ဆေးဆုံးဖြတ်ရာ တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့ကို လိုက်နာရ သည်။ ရာဇသတ်ကြီးဥပဒေအရ စွဲဆိုသောမှုခင်းဖြစ်လျှင် ရာဇသတ်ကြီးဥပဒေကို လိုက်နာရသည်။ အထူးဥပဒေတစ်ရပ်ရပ်အရ စွဲဆိုသော အမှုခင်းဖြစ်လျှင်ယင်းအထူးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ထိုအထူး ဥပဒေအရ ပြဋ္ဌာန်းထားသော နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကိုလည်း လိုက်နာရသည်။ အမြင့်ဆုံး တရားရုံးက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ညွှန်ကြားလွှာများ၊ ဆုံးဖြတ်ထားသော လမ်းညွှန်စီရင်ထုံးများ၊ စီရင်ချက်များကိုလည်း အလေးမူသတိပြုရ သည်။
ရာဇဝတ်မှုခင်းများ၏အစသည် သာမန်အားဖြင့်တရားရုံးရှေ့တွင် တရားခံအား ပို့ဆောင်၍ ရမန်ယူခြင်း ကစသည်။ ဦးတိုက်လျှောက်ထားမှုများတွင် တရားရုံးသို့ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းကစသည်။ တရားရုံးက ဆုံးဖြတ်ချက် အမိန့်ချမှတ်ပြီးသည့်အခါ ပြီးဆုံးသွားသည်ဟု ဆိုနိုင်သည်။ ဤကာလအတွင်း တရားရုံးက ရမန်ကိစ္စ၊ အာမခံကိစ္စ၊ တရားလိုနှင့်သက်သေများ စစ်ဆေးခြင်းကိစ္စ၊ စွဲချက်ကိစ္စ၊ တရားခံနှင့်သက်သေများ စစ်ဆေးခြင်းကိစ္စ၊ နှစ်ဖက်အမှုသည်များလျှောက်လဲချက် ကြားနာခြင်းကိစ္စ၊ စီရင်ချက်အမိန့်ချမှတ်ခြင်းကိစ္စများ ဆောင်ရွက်ရသည်။ တရားရုံးကချမှတ်သည့် စီရင်ချက်အမိန့်အပေါ် နှစ်ဖက်အမှုသည်များအနက် တစ်ဖက်ဖက်က အဆင့်မြင့်တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှု၊ အယူခံမှုများ တင်သွင်းလျှောက်ထားခြင်းရှိခဲ့လျှင် ယင်းအမှု၏ တရားစီရင်ရေးလမ်းကြောင်း မပြီးဆုံးသေး။ ပြင်ဆင်မှုရုံး၊ အယူခံမှုရုံးများက စီရင်ချက် အမိန့်ချမှတ်ပြီးမှသာ ထိုအမှု၏ တရားစီရင်ရေး ပြီးဆုံးသည်။


တရားမမှုခင်းများ စစ်ဆေးဆုံးဖြတ်ရာ တွင် တရားမ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့ကို လိုက်နာရ သည်။ တရားမမှုခင်း အမျိုးမျိုးရှိသည်နှင့်အညီ တရားမဆိုင်ရာ ဥပဒေများလည်း အမျိုးမျိုးရှိသည်။ စွဲဆိုလာသည့် တရားမမှုခင်းနှင့်သက်ဆိုင်သည့် တရားမဥပဒေ များပါ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာရသည်။ ကာလစည်းကမ်းသတ်ဥပဒေ၊ တံဆိပ်ခေါင်းခွန် အက်ဥပဒေ စသည့် ဆက်စပ်ဥပဒေမှန်သမျှ ကြည့်ရသည်။ အမြင့်ဆုံးတရားရုံးက ထုတ်ပြန်ထားသော တရားမ မှုခင်းဆိုင်ရာ ညွှန်ကြားချက်များ၊ ညွှန်ကြားလွှာများ၊ ဆုံးဖြတ်ထားသော တရားမမှုခင်းဆိုင်ရာ လ မ်းညွှန်စီရင်ထုံးများ၊ စီရင်ချက်များကို အလေးမူသတိပြုရသည်။


တရားမမှုခင်းများ၏အစသည် သာမန်အားဖြင့်နို့တစ်စာပေးခြင်း၊ တရားရုံးတွင် အမှုစွဲဆိုခြင်းက စသည်ဟု ဆိုနိုင်သည်။ သက်ဆိုင်ရာတရားရုံးက စီရင်ချက်အမိန့်ချမှတ်ခြင်း၊ ဇာရီမှုရှိလျှင် ဇာရီမှု ဖွင့်လှစ်ဆောင်ရွက်ခြင်းတို့ ပြီးဆုံးသွားသည့်အခါ တရားစီရင်မှုလမ်းကြောင်း ပြီးဆုံးသည်ဟု ဆိုနိုင်သည်။ ဤကာလ အတွင်း ဆိုလွှာ၊ ချေလွှာကိစ္စ၊ ဆိုလွှာပြင်ဆင်ခြင်း၊ ချေလွှာပြင်ခြင်းကိစ္စ၊ ငြင်းချက်ကိစ္စ၊ နောက်တိုးငြင်း ချက်ကိစ္စ၊ ကာလစည်းကမ်းသတ်ကိစ္စစသည်ဖြင့်ပေါ်လာလျှင် ပေါ်လာသလို ဆုံးဖြတ်ဆောင်ရွက်ရ သည်။ တရားလိုနှင့်သက်သေ၊ တရားပြိုင်နှင့်သက်သေ တို့ကို စစ်ဆေးရသည်။ နှစ်ဖက်လျှောက်လဲချက်များ ကြားနာရသည်။ စီရင်ချက်အမိန့်ချမှတ်ရသည်။ ဇာရီမှုဖွင့်လှစ်ဆောင်ရွက်ရသည်။ တရားမမှုခင်းတစ်ခု၏ဖြစ်စဉ်နှင့် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများအရ လိုအပ်သည်များဆောင်ရွက် ဆုံးဖြတ်ကြရသည်။ တရားရုံးအမိန့်အပေါ် ပြင်ဆင်မှု၊ အယူခံမှုလျှောက်ထားခြင်းရှိလျှင် အယူခံမှု၊ ပြင်ဆင်မှုရုံးက စီရင်ချက်အမိန့်ချမှတ်ပြီးမှသာ ထိုအမှုပြီးဆုံးသည်။

 

ရာဇဝတ်မှုနှင့်တရားမမှုတို့၏တရားစီရင်ရေးလမ်းကြောင်းနှစ်သွယ်
ရာဇဝတ်မှုနှင့်တရားမမှုခင်း တရားစီရင်ရေးလမ်း ကြောင်းတို့သည် မတူညီပါ။ ကွဲပြားခြားနားသည်။ တရားမမှုခင်းလမ်းကြောင်းသည် ရာဇ ဝတ်မှုခင်း တရားစီရင်ရေးလမ်းကြောင်းထက်ပို၍ ရှည်လျားသည်။ ရာဇဝတ်မှုတရားစီရင်ရေးသည် ရာဇဝတ်ကျင့်ထုံး ဥပဒေ သို့မဟုတ် သက်ဆိုင်ရာ အထူးဥပဒေအရ ပြဋ္ဌာန်းသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းထားသည့်လမ်းကြောင်းအတိုင်း လျှောက်လှမ်းရသည်။ တရားမမှုတရားစီရင်ရေးသည် တရားမကျင့်ထုံးဥပဒေအရ ပြဋ္ဌာန်းထားသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်း ရသည်။ တူညီသောအချက်တစ်ခုမှာ တရားစီရင်ရေး လမ်းကြောင်းနှစ်ခုစလုံးသည် သက်သေခံ အက်ဥပဒေပါ လမ်းညွှန်ပြသသည့်အတိုင်း လျှောက်လှမ်းကြရ ခြင်းဖြစ်သည်။ 


အချို့က ရာဇဝတ်တရားစီရင်ရေးလမ်းကြောင်းကလွယ်သည်၊ တရားမ တရားစီရင်ရေးလမ်းကြောင်းက ခက်သည်။ အချို့ကတော့ တရားမ တရားစီရင်ရေး လမ်းကြောင်းက လွယ်သည်။ ရာဇဝတ် တရားစီရင်ရေးလမ်းကြောင်းကခက်သည်ဟု ဆိုကြသည်။ ရာဇဝတ်တရားစီရင်ရေး လမ်းကြောင်းကို အားသန်သူရှိသည်။ တရားမ တရားစီရင်ရေးလမ်းကြောင်းကို အားသန်သူရှိသည်။ 
တရားစီရင်ရေး လမ်းကြောင်းနှစ်ခုစလုံးကိုအားသန်သူတွေလည်းရှိကြသည်။မည်သို့ဖြစ်စေ တရားစီရင်ရေးလမ်းကြောင်းနှစ်ခုစလုံးသည် ခက်ခဲ၊ နက်နဲ၊ သိမ်မွေ့သည်။ သူ့ပညာ၊ သူ့အထာ၊ သူ့အညှာဆိုသည် ရှိသည်။ ရာဇဝတ်ဥပဒေ တတ်ကျွမ်းတိုင်း ရာဇဝတ်လမ်းကြောင်းကို တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်မည်မဟုတ်။ တရားမ ဥပဒေ တတ်ကျွမ်းတိုင်း တရားမလမ်းကြောင်းကို တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်မည်မဟုတ်။ ဥပဒေ လည်း တတ်ကျွမ်းရမည်။ အထာလည်းသိရမည်၊ အညှာ လည်းမိရမည်။ သို့မှသာ တရားစီရင်ရေး လမ်းကြောင်း တစ်လျှောက်လုံး တွေ့ကြုံရသည့် အခက်အခဲပြဿနာ များကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ပြီး လမ်းကြောင်းအမှန် တည့်မတ်စွာ လျှောက်လှမ်း နိုင်မည်။ ဥပဒေနှင့်အညီ တရားစီရင်ခြင်း ဖြစ်ပေမည်။

 

အဓိကအကျဆုံးအခြေခံမူဖြစ်သည်
တရားစီရင်ရေးလမ်းကြောင်းအစမှသည်အဆုံးအထိ မည်သည့်အဆင့်တွင်မဆို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ပါမှ ဥပဒေနှင့်အညီ တရားစီရင်ခြင်း ဖြစ်ပေမည်။ အာမခံကိစ္စ၊ သက်သေစစ်ဆေးခြင်း ကိစ္စရပ်များတွင် မည်သို့ပင်ဥပဒေနှင့်အညီဖြစ်နေစေကာမူ နောက်ဆုံးစီရင်ချက် အမိန့်ချမှတ်သည့်အခါ ဥပဒေနှင့်မညီသော ဆုံးဖြတ်ချက်ဖြစ်နေလျှင် ဥပဒေ နှင့်ညီသော တရားစီရင်ရေးမဟုတ်ပေ။ ထိုနည်းတူနောက်ဆုံးချမှတ်သောအမိန့်သည် ဥပဒေနှင့်အညီဖြစ်နေစေကာမူ အာမခံပေးခြင်းကိစ္စ၊ သက်သေများစစ်ဆေးခြင်းကိစ္စများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ပါက ဥပဒေနှင့်အညီ တရားစီရင်ခြင်းမျိုး ဖြစ်ထွန်းနိုင်မည်မဟုတ်ပါ။တရားစီရင်ရာ တွင် ဥပဒေနှင့်အညီလည်းဖြစ်သည်။ လွတ်လပ်စွာလည်း တရားစီရင်ဆုံးဖြတ် ဆောင်ရွက်သည်ဟုဆိုလျှင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရား စီရင်ရေးဖြစ်သည်။ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးဖြစ်လျှင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်၍ တရားဥပဒေစိုးမိုးမှု ရှိနေမည်မှာ သေချာသည်။ သို့ပါ၍ တရားစီရင်ရေး အခြေခံမူ ၇ ချက်ရှိရာ ပထမဆုံးအချက်အနေဖြင့် ]ဥပဒေနှင့်အညီ လွတ်လပ်စွာ တရား စီရင်ရေး} ဟု ဖော်ပြထားခြင်းဖြစ်သည်။ အဓိကအကျ ဆုံးအခြေခံမူဖြစ်သည်ဟု ဆိုနိုင်သည်။ ဤမူကိုတရားစီရင်ရေးမူတစ်ရပ်အဖြစ် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ (က) တွင်လည်း ဖော်ပြထား သည်

 

။ထာဝစဉ်ရှင်သန်နိုင်ပါစေ
လွတ်လပ်စွာတရားစီရင်ရေး၊ လွတ်လပ်စွာ တရား စီရင်ပါ။ လွတ်လပ်စွာ တရားစီရင်ရမည်။ ဥပဒေနှင့်အညီဖြစ်ပါစေ။ ဥပဒေနှင့်အညီဖြစ်ရမည်။ အဂတိတရားလေးပါး ကင်းရမည်။ လာဘ်ပေးလာဘ်ယူ ရှင်း ရမည်။ ဤသည်တို့ကို သီအိုရီသဘောအရသိရှိနေ ကြရုံနှင့်မပြီး။ လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင်ထာဝရတည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်ကြ ရန် လိုအပ်သည်။ လွတ်လပ်စွာ တရားစီရင်နိုင်ခွင့်ရှိရမည်။ တရားစီရင်သူတို့က လွတ်လပ်စွာတရားစီရင်နိုင်ရန် ကျင့်ကြံရမည်။ လေ့ကျင့်ပျိုးထောင်ရမည်။ အဂတိတရားလေးပါး ရှောင်ရှားကာ လာဘ်ပေး လာဘ်ယူမှု ကင်းဝေးရမည်။ လွတ်လပ်စွာတရားစီရင်နေရုံနှင့်မပြီး ဥပဒေနှင့်အညီဖြစ်စေဖို့၊ ဥပဒေပညာ တတ်ကျွမ်းအောင် အစဉ်မပြတ် သင်ယူနေကြရမည်။ ဥပဒေကိုတည့်မတ်မှန်ကန်စွာ အဓိပ္ပာယ်ကောက်ယူအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည်။ ဤသို့ဖြင့် ]ဥပဒေနှင့်အညီလွတ်လပ်စွာ တရားစီရင်ရေး} အခြေခံမူ ထာဝစဉ်ရှင်သန်နေစေလိုကြောင်းပါ။


လွတ်လပ်စွာတရားစီရင်နိုင်ကြပါစေ၊
ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်နိုင်ကြပါစေ၊
တရားစီရင်ရေးဆိုင်ရာ အခြေခံမူများ ထာဝစဉ်ရှင်သန်နိုင်ပါစေ။

 

msg