နေပြည်တော် ၂၉ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း ပုံမှန်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းအား မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မန်စံကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀ဝ၀ ခန့်အကွာသို့အရောက်၌ SSA (ဝမ်ဟိုင်း)နှင့် TNLA ပူးပေါင်းအင်အားစုများက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း။
တပ်မတော်စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်လုံခြုံရေး ဆက်လက်ဆောင်ရွက်ရာ စတင်ပစ်ခတ်ခံရသည့်နေရာ၏ တောင်ဘက် မီတာ ၇၀ဝ ခန့်အကွာ နေရာ ပွိုင့်-၁၀၄၄ တောင်ကုန်း၌ SSA (ဝမ်ဟိုင်း) နှင့် TNLA ပူးပေါင်းအဖွဲ့က ဖြန့်ခွဲနေရာယူထားကြောင်း သိရှိရသဖြင့် သိမ်းပိုက်တိုက်ခိုက်ခဲ့ရာ ၂၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါအဖွဲ့များ အနောက်ဘက်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့သို့ ဆုတ်ခွာထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းများက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


