ရခိုင်တို့၏ ရိုးရာသင်္ကြန်ပွဲတော်သည် တစ်မူထူးခြားကာ အမျိုးသားရေးကိုယ်ပိုင် ယဉ်ကျေးမှုဓလေ့များဖြင့် ပြည့်ဝနေသည့် ယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်သည်။ ရခိုင် လူမျိုးတို့၌ ရိုးရာသင်္ကြန်ပွဲတော် မကျင်းပမီ ယဉ်ကျေးမှုအစဉ်အလာအရ နံ့သာသွေးပွဲ ကျင်းပပြီး ဘုရား၊ ကျောင်းကန်များသို့ သွားရောက်၍ ဗုဒ္ဓဆင်းတုတော်များကို ဆေးကြောကာ အမွှေးနံ့သာများဖြင့် ရေ သပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်း စသည်ဖြင့် ကုသိုလ်ယူလေ့ရှိကြသည်။ မိမိတို့ နေအိမ်ရှိ ဗုဒ္ဓဆင်းတုတော်များကိုလည်း အမွေးနံ့သာဖြင့် ရေသပ္ပာယ်ကြသည်။

 

ရိုးရာသင်္ကြန်ပွဲတော်ပြီးနောက် နှစ်ဆန်း တစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဆရာ ကန်တော့ပွဲတို့ကိုလည်း အစဉ်အလာမပျက် ကျင်းပကြသည်။ ရပ်ကွက်၊ ကျေးရွာများ၌ သင်္ကြန်မကျမီ အများအားဖြင့် သင်္ကြန် အကြိုနေ့ညတွင် ရပ်ဓလေ့၊ ရွာဓလေ့အတိုင်း ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စသည့် အမွေးနံ့သာများကို တပျော်တပါးသွေးကြပြီး ရိုးရာအစဉ်အလာ မပျက် ဘုရားရေသပ္ပာယ်ပြီးမှ သင်္ကြန်ပွဲတော် ကို ဆင်နွှဲကြသည်။

 

ရခိုင်ပြည်နယ်တွင် နံ့သာသွေးပွဲ ဖြစ်ပေါ် လာရခြင်းမှာ စန္ဒာသူရိယ ဘုရင်မင်းမြတ်၏ လျှောက်ထားတောင်းပန်ချက်အရ မဟာ မြတ်မုနိရုပ်ရှင်တော်မြတ်ကို သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့တွင် သွန်းလုပ်ပြီးစီးပြီးနောက် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်၊ မိဖုရားနှင့်တကွ မှူးမတ် ပြည်သူအပေါင်းတို့က အမွေးနံ့သာရည်များ ဖြင့် ပက်ဖျန်းရာမှ နံ့သာသွေးပွဲ စတင်ဖြစ်လာရ သည်ဟု အဆိုရှိပါသည်။

 

နံ့သာသွေးပွဲသည် ကောင်းမွန်၊ မြင့်မြတ်သည့် ရခိုင့်ယဉ်ကျေးမှု ဓလေ့ထုံးစံ တစ်ခုဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်အခါက မွေးရပ်မြေ စစ်တွေမြို့ သင်းပုန်းတန်းကျေးရွာ၌ အပျိုအရွယ်များသည် သင်္ကြန်အကြိုည ရွာ အလယ် ညောင်ပင်အောက်၌ နံ့သာသွေးရန် မိမိတို့နေအိမ်မှ နံ့သာ၊ ကရမက်၊ သနပ်ခါးနှင့် ကျောက်ပျဉ်ကို သယ်ယူလာကြရသည်။ အပျို များ နံ့သာသွေးနေချိန် ကောက်ညှင်းထမင်း ချက်ထားပြီး လူပျိုများက အတီးအမှုတ် အက အခုန်များဖြင့် တပျော်တပါးစုရုန်းကာ နံ့သာ သွေးပွဲ ကျင်းပကြသည်။ သွေးပြီးသား နံ့သာ ရည်များကို ရေအိုးငယ်များဖြင့် သေချာသိမ်း ထားပြီး သင်္ကြန်အကျနေ့တွင် ဘုရားကျောင်း ကန်များသို့ သွားရောက်ကာ ဘုရားဆင်းတု တော်များကို ရေသပ္ပာယ်၊ ရေချိုးကြသည်။

 

ရခိုင်တို့၏ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှဦးစီးပြီး သင်္ကြန်မကျမီ စစ်တွေမြို့တွင် နံ့သာသွေးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးလျက်ရှိ သည်။ နံ့သာသွေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသမီးများ ဆင်တူဝတ်ဆင်ကြရသည်။ နံ့သာသွေးပွဲ၌ အမျိုးသမီးများ သူနိုင်၊ ကိုယ်နိုင် အပြိုင် နံ့သာသွေးနေကြသည်မှာ ကြည်နူး စရာ မြင်ကွင်းတစ်ခု ဖြစ်သည်။ အနိုင်အရှုံးကို အဓိကယှဉ်ပြိုင်နေခြင်း မဟုတ်ဘဲ ဗုဒ္ဓရှင်တော်မြတ်အား နံ့သာရည်ဖြင့် ရေသပ္ပာယ် ရန် ရည်ရွယ်ချက်ကြောင့် ကုသိုလ်တိုးပွားစေ ပါသည်။

 

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်၌ တွေ့မြင်နေ ရသော နံ့သာသွေးပွဲနှင့် လှေထဲ ရေဖြည့်ကာ အပြန်အလှန် ရေပက်ကစားကြခြင်းတို့သည် အများနှင့်မတူ တစ်မူထူးခြားစွာ တွေ့မြင်နိုင် သည့် ရခိုင်လူမျိုးတို့၏ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာများဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

 

အောင်ကြည်မိုး(စစ်တွေ)