သင်္ချာအောင်သင်း

 

ရန်ကုန်မှ ဘားအံသို့ ကျိုက်ထို၊ သထုံ တို့ကိုဖြတ်ပြီး သံလွင်တံတားကို လွယ်လင့်တကူ ကူးခဲ့ရသည်။ ဘားအံမြို့မှဆက်သွားရာ မြိုင်ကြီးငူလမ်းခွဲမုခ်ဦးသို့ ရောက်သည်။ ဗိုလ်ချုပ်လမ်း(မြိုင်ကြီးငူ)အတိုင်း မြိုင်ကြီးငူဒေသသို့ ရောက်လေ သည်။ ယခင်ခေတ်တွေက ငြိမ်းချမ်းမှုတွေ ကင်းဝေးခဲ့ရသော ကရင်ပြည်နယ်။ ၁၉၉၆ ခုနှစ် အစိုးရတပ်မတော်နှင့် လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးယူပြီး နောက် ယခုခေတ်ကရင်ပြည်နယ်သည် ငြိမ်းချမ်းစည်ပင် ဖွံ့ဖြိုးနေပေပြီ။

 

KNU, DKBA, BGF နယ်ခြားစောင့်တပ်တွေသည် ကရင်ပြည်နယ် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။ တောင်စွယ်၊ တောင်ထွတ် နှင့် ပေါများလှသောဂူတွေကလည်း ကရင်ပြည်နယ်၏ သာယာလှတဲ့ ရှုခင်းတွေ ပါ။ ဇွဲကပင်နှင့်တစ်ဆက်တည်းမှာ အေးချမ်းတည်ငြိမ်သာယာမှုတွေက ရှုမငြီး ရင်မှာစွဲငြိပါသည်။ ဆဒ္ဒန်ဂူလမ်းခွဲကို တွေ့ရသည်။

 

သံလွင်မြစ်အနောက်ဘက် ခြမ်းရှိ တောင်စွယ်၊ တောင်တန်းတွေမှာ သာယာရွှေဂူတောင်၊ ဝဲပျံတောင်တွေ ကို မှိုင်းပျပျ ထင်ထင်ရှားရှားတွေ့မြင်ရသည်။

 

လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းရွာသို့ ကျွန်တော်တို့ ပညာရေးသင်ကြား ဟောပြောရေးအဖွဲ့ ရောက်ခဲ့လေသည်။ ရွှေဂွန်းရွာသည် အိမ်ခြေတစ်ထောင် ကျော်ရှိသော တိုက်နယ်ဖြစ်သည်။ ယခုအခါရွာတွင် တိုက်တာအိမ်ခြေများဖြင့် ကားတဝီဝီ၊ ဆိုင်ကယ်တဝီဝီဖြင့် စည်ကားနေသည်။ ယခင်ခေတ်ကရွာတွင် တဲအိမ်များ၊ လမ်းများ ဖရိုဖရဲဖြစ်ခဲ့ရသည်။ ဆရာဝင်းထွန်းဦး၏ မြတ်သောအမွေ ဘော်ဒါဆောင်တွင် ကျွန်တော်တို့တည်းခိုရသည်။ မြတ်သောအမွေ ဘော်ဒါဆောင်တွင် ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်းကျောင်းသား ငါးရာကျော်ရှိ သည်။ ကျွန်တော်တို့ ဟောပြောပို့ချရမည့် အထက ရွှေဂွန်းသို့ ကားလေးဖြင့် လိုက်ပို့သည်။ ရွှေဂွန်းအထက်တန်းကျောင်းသည် မြေဧက ၁ဝ ဧကခန့် ကျယ်ဝန်းသည်။ နှစ်ထပ်တိုက်ကျောင်းအဆောက်အအုံများ အစီအရီ လုံလောက်မှုရှိသည်။ သန့်ရှင်းသပ်ရပ်ခံ့ညားသော ကျောင်းပတ်ဝန်းကျင်ရှိ သည်။ ဆရာ ဆရာမအင်အား ၅ဝ ခန့်နှင့် ကျောင်းသား ကျောင်းသူပေါင်း ၁ဝဝဝ ကျော်ရှိသည်။ ကျောင်းအုပ်ဆရာမကြီးသည် ရန်ကုန်သို့ ခရီးသွားနေချိန် ဖြစ်သည်။ ဆရာ ဆရာမတွေက ကျွန်တော်တို့ကို လှိုက်လှဲပျူငှာစွာ ကြိုဆို ကြပါသည်။

 

''ကျွန်တော့်ဇာတိရွာက ဟိုသံလွင်မြစ်အနောက်ဘက်ခြမ်း ဝဲပျံ တောင်ဘေး တလကုန်းရွာကပါ။ ကျွန်တော်တို့ငယ်ငယ်က ဒီဒေသမှာ ပညာသင်ကြားရေး အလွန်ခက်ခဲခဲ့ပါတယ်။ ကျောင်းတက်ဖို့ တလကုန်းကနေ မီးပုံးကို မိနစ် ၃ဝ လောက် လမ်းလျှောက်၊ မီးပုံးကစက်လှေစီးပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း ရွှေဂွန်းကိုကူးပြီး ကျောင်းတက်ခဲ့ရတယ်။ လူကြီးတွေကတော့ ပညာမတတ်ကြရှာပါဘူး။

 

ကျွန်တော်တို့လည်း ၁ဝ တန်းအောင်ဖို့၊ ဘွဲ့ရဖို့ တော်တော် ကြိုးစားခဲ့ရတယ်''ဟု ဆရာစောစိုးမိုးက ပြောပြသည်။

 

''ဟိုခေတ်က ဒီပုံစံမဟုတ်ဘူး၊ ဒီဒေသမှာ တဲအိမ် လေးတွေ၊ လမ်းကျဉ်းလေးတွေ ဖြစ်ခဲ့ရတယ်။ သံလွင်မြစ် အနောက်ဘက်ခြမ်းက အနက်ရောင်နယ်မြေလေ။ အရှေ့ ဘက်ခြမ်း ရွှေဂွန်းမှာ အစိုးရတပ်စခန်းရှိတယ်။ သံလွင်မြစ် အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း လက်နက်ကိုင်နဲ့ တပ်မတော်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကြခတ်ကြ၊ ဆဲကြဆိုကြ၊ ရန်ဖြစ်ကြနဲ့ မငြိမ်းချမ်းနိုင်ခဲ့ ပါဘူး။ ကျွန်မတို့ရွာမှာ ဗုံးခိုကျင်းတွေ ထားရတယ်။ တိုက်ပွဲဖြစ်ရင် ကျောင်းတွေပိတ်ထားရတယ်။ ကျောင်း စာအုပ်တွေကို ကျွန်မတို့ အသက်နဲ့လဲ ကာကွယ်ခဲ့ရတယ်။ ကျောင်းစာအုပ်တွေကို ကျစ်ကျစ်ပါအောင် ထုပ်ထားရ တယ်။ ရှိတဲ့ကျောင်းစာအုပ်တွေသာ အိမ်မီးလောင်လို့ ပါသွားရင် အစားပြန်မရအောင် ရှားပါးတယ်။ လိုချင်တဲ့ စာအုပ်ကို အထုပ်ထဲက တစ်အုပ်ချင်း ထုတ်ဖတ်ရတာပေါ့။ ကျွန်မတို့ဒေသမှာ ကောင်းကောင်းမအိပ်ရ၊ ကောင်းကောင်းမစားရနဲ့ ကျီးလန့်စာစားဘဝတွေ ဖြစ်ခဲ့ ရတယ်။ စစ်ပွဲဖြစ်တိုင်း ကျောင်းပိတ်ရပြန်တယ်။ စစ်ပွဲ ပြီးတာနဲ့ ကျောင်းပြန်ဖွင့်၊ ဆရာ ဆရာမတွေကတော့ မပျက်မကွက် လာသင်ကြပါတယ်။ ကျေးဇူးကြီးကြပါတယ်။ စစ်ပွဲမှာ ဆရာ ဆရာမတွေ သက်စွန့်ဆံဖျား လာသင်ကြရှာ တာပါ။ စစ်ပွဲဖြစ်လို့ သူတို့ရပ်ရွာကို ပြန်မသွားဘူး။ ကျောင်း သား ကျောင်းသူတွေကို ဆရာ ဆရာမတွေ သံယောဇဉ် တွယ်တာနေကြပြီလေ။ စစ်ပွဲပုန်းရှောင်ရင်း စာသင်ကြား ရင်း ခက်ခက်ခဲခဲ ဘဝရပ်တည်နေရတဲ့ ဆရာ ဆရာမဘဝ တွေပါ''ဟု နယ်ခံဇာတိ ဆရာမ ဒေါ်ကေသီစိုးက သူ့ ငယ်ဘဝကို ပြောပြသည်။

 

မွန်ပြည်နယ် ဘီလူးကျွန်းမှ လာရောက်တာဝန် ထမ်းဆောင်နေသော သင်္ချာဆရာမ ဒေါ်အိအိမွန်သည်လည်း ကရင်ပြည်နယ်မှာ ငါးနှစ်သက်တမ်းရှိပေမယ့် ဇာတိနယ်သို့ မပြန်လိုသေးပေ။ ကရင်ပြည်နယ်မှာ ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်လဲ့လဲ့ဝေ ကတော့ ''နေညိုရင်ရွှေဘိုကို လွမ်းတယ်''ဟု ဇာတိကို တမ်းတဟန်တူသည်။ သုံးရာကျော်ဦးရေရှိ ၁ဝ တန်း ကျောင်းသား ကျောင်းသူ အဖြူအစိမ်းတို့သည် အထက ရွှေဂွန်း ပညာ့ရတရွာခန်းမတွင် စည်းကမ်းရှိစွာ စနစ်တကျ တန်းစီထိုင်လျက် ဆရာအလာကို စောင့်မျှော်နေကြသည်။ ပထမရက်တွင် အင်္ဂလိပ်စာဆရာ ဦးညွန့်ဝေမိုးနှင့် ကျွန်တော်သင်ကြားပို့ချသည်။ ဒုတိယရက်တွင် ဓာတုဗေဒ ဦးမြင့်ဝင်းကျော်၊ ရူပဗေဒ ဦးဆက်မွန်နှင့်K(BIO)တို့က ပညာသင်ကြားပို့ချသည်။ အသားအရေ ဖြူစင်ချောမွတ် ကာ လှပယဉ်ကျေးသော ကျောင်းသူများကို တွေ့ရသည်။ ကျောင်းသားများကလည်း ရိုကျိုးကြသည်။ ကျောင်းသား ကျောင်းသူများသည် ယဉ်ကျေးသိမ်မွေ့စွာ စာကြိုးစားကြ သည်။ မိဘ ဆရာအား ရိုသေလေးစားမှု အပြည့်ရှိသည်။ ဉာဏ်ရည်ထက်မြက်သည်။ ကြိုးစားအားထုတ်မှု ဝီရိယရှိ သည်။ အနာဂတ်ရည်ရွယ်ချက် ကိုယ်စီခိုင်မာကာ ဆန္ဒလှပ ကြသည်။ ရွှေဂွန်းမှ သုံးမိုင်ခန့်ကွာဝေးသော ကပ္ပလီ အထကမှလည်း ကျွန်တော်တို့အဖွဲ့ကို လာရောက် ဆက်သွယ်ကြသဖြင့် ခရီးဆက်ရပေဦးမည်။

 

ကရင်ပြည်နယ် မငြိမ်းချမ်းခင်က ရှေ့တန်းရောက်ခဲ့ သော ဗိုလ်ကြီးလင်းထိုက်စကားကို ကြားယောင်မိသည်။ ''ကျွန်တော်တို့ မွန်ပြည်နယ် သံဖြူဇရပ်မှ ကရင်ပြည်နယ် ရောက်ခဲ့ရတယ်။ ဘားအံမှတစ်ဆင့် သင်္ကန်းညီနောင် ပြီးတော့ မဲပလဲချောင်းကို ဖြတ်ခဲ့ရတယ်။ ထိခြရားရွာ၊ ဝါခသစ်၊ ထီးခိုတောရွာနဲ့ မော်ဖားသူ စတဲ့ သောင်ရင်းမြစ် တစ်လျှောက်၊ သံလွင်မြစ်တစ်လျှောက်ဒေသတွေ ခြေချ ခဲ့ရတယ်။ မြန်မာ-ယိုးဒယား နယ်စပ်တိုက်ပွဲတွေ၊ မဲသဝေါ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ တပ်မတော်နဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြရတယ်။ စစ်ပြေးဒုက္ခသည်တွေ မြန်မာ-ယိုးဒယားနယ်စပ် မဲလဒုက္ခသည်စခန်း၊ ဘဲကလော့ ဒုက္ခသည်စခန်းတွေ တိုင်းရင်းသားပြည်သူတွေရဲ့ ငိုရှိုက်သံ တွေ သောသောညံခဲ့ရတယ်။ သနားစရာ မြေစာပင်ဘဝ တိုင်းရင်းသားပြည်သူတွေ။''

 

''အဖိုးတန်သယံဇာတ၊ သစ်တောတွေ အလျှံပယ် ပေါကြွယ်လှပါတဲ့ မြန်မာပြည်၊ လူတိုင်းမက်မောပါဘိ။ ချေ၊ ဆတ်၊ ဖွတ်၊ ယုန်၊ မျောက်၊ တောဆိတ်၊ ကုန်းလိပ်စတဲ့ တိရစ္ဆာန်သတ္တဝါမျိုးစိတ်တွေစုံညီပါပေ့။ ယင်းတို့ ပျောက် ကုန်ပြီ။ လှည်းဘီးမကရှိတဲ့ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ အင်းကြင်းစတဲ့ သစ်ပင်ကြီးတွေ ပေကိုးဆယ် တစ်ရာ ထူထပ်စွာ ပေါက်ရောက်ခဲ့ကြပေမယ့် မသမာသူတွေ သစ်ခိုးထုတ်နေကြတယ်။ အဖိုးတန်သယံဇာတတွေကို မသမာသူတွေ ခိုးယူသယ်ထုတ်နေကြတယ်။ ရင်နာစရာ တွေ၊ တပ်မတော်မှာလည်း အမြတ်မရှိအရှုံးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေမှာလည်း အရှုံးတွေပါ၊ အမြတ်မရှိပါဘူး၊ နှစ်ဦးနှစ်ဖက် အမြတ်မရှိ၊ အရှုံးဘဝ တွေပါ။ အဆုံးတော့ မြန်မာ့အဖိုးတန်သဘာဝအလှအပ သယံဇာတတွေ အကျည်းတန်ပျက်သုဉ်းခဲ့ရတယ်''ဟု ဆိုခဲ့ဖူးသည်။

 

ရွှေဂွန်းမှကပ္ပလီသို့ ကြိုလာသောကားနှင့် သုံးမိုင်ခရီး ဆက်ခဲ့သည်။ လမ်းဘယ်ဘက်ခြမ်းတွင် မြိုင်ကြီးငူ အထူးဒေသလမ်းခွဲကို တွေ့ရသည်။ ယင်းမှ မြိုင်ကြီးငူသို့ ၁၇ မိုင်ခန့်ဝေးသေးသည်။ ဒေသငြိမ်းချမ်းရေးဖော်ဆောင် ခဲ့သော မြိုင်ကြီးငူဆရာတော်ကြီးအား ကရင်ပြည်သူ ပြည်သားတို့ အထူးပင် ရိုသေလေးစားကိုင်းရှိုင်းကြကာ ကျေးဇူးတင်မဆုံးရှိကြပေသည်။ အထက ကပ္ပလီသို့ ရောက်ပြီ။ လက်ပန်ကုန်း၊ ဝါးကုတ္တော၊ ရွံဗွက်၊ ကပ္ပလီ၊ သာယာကုန်းရွာ အုပ်စုဖွဲ့စည်းထားသည်။ လူဦးရေ တစ်ထောင်ခန့်ရှိသည်။ ကပ္ပလီမှ သုံးမိုင်ခန့် ဆက်သွားလျှင် လှိုင်းဘွဲ့မြို့ကို ရောက်မည်။ ကတ္တရာလမ်းဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အလွန်ကောင်းပါသည်။ သံလွင်မြစ် အနောက်ဘက်ခြမ်းတွင်လည်း ဖာပွန်သို့ အခက်အခဲမရှိ သွားလာနိုင်နေပြီ။

 

ကပ္ပလီ အထကသည် ကိုးဧက ကျယ်ဝန်းသည်။ အထက်တန်းကျောင်းဖွင့်သည်မှာ တစ်နှစ်မပြည့်သေး၊ ရွှေဂွန်းမှာ လျှပ်စစ်မီးရပေမယ့် ကပ္ပလီမှာ လျှပ်စစ်မီး မရ သေးပါ။ ကျောင်းသားစုစုပေါင်း ၇ဝဝ ခန့်ရှိသည်။ ဆရာ ဆရာမ အင်အား ၃ဝ ခန့်ရှိသည်။ တစ်ထပ်တိုက် ကျောင်း ဆောင်များကို အစီအရီတွေ့ရသည်။ ကျောင်းရှေ့မှာ ဘောလုံးကွင်းပြင်ကြီး ကျယ်ဝန်းသည်။ ကျောင်း နောက်ဖေးမှာ ရော်ဘာခြံများရှိသည်။ ကျောင်းပိုင်ရော်ဘာ ခြံမှ တစ်နှစ်ရှစ်သိန်းခန့်ဝင်သည်။ ရော်ဘာခြံထဲတွင် KG တန်း ကလေးငယ်များ ကစားပျော်ပါးနေကြသည်။ အေးချမ်းတည်ငြိမ်သော ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်မူက ကျွန်တော်တို့ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုသည်။ ဆရာမကြီးသည် မွန်ပြည်နယ် သံဖြူဇရပ်မှ ပြောင်းရွှေ့လာသည်မှာ တစ်လသာရှိသေးသည်။ မွန် ပြည်နယ်သည် ငြိမ်းချမ်းရေးနှင့်အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာမကြီးသည် အလွန်ထက်သန်လျက်ရှိသည်။

 

''ဟိုခေတ်က လှည်းကောင်းကောင်းမသွားနိုင်တဲ့ မြေလမ်းတွေပါ။ ဟိုတုန်းကဒီနေရာတွေက သစ်တော သစ်ပင်ကြီးတွေ ထူထပ်တယ်။ သစ်ပင်ချုံတွေ ခုတ်ထွင် ရှင်းလင်းပြီး ရော်ဘာတောတွေ စိုက်ခဲ့တယ်။ ငြိမ်းချမ်းရေး မယူခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ ကပ္ပလီရွာက အဆိုးဆုံးပေါ့၊ ကပ္ပလီဘက်မှ လက်နက်ကိုင်တွေ၊ ရွှေဂွန်းမှ တပ်စခန်း၊ ရွှေဂွန်းနှင့် ကပ္ပလီလက်နက်ငယ်၊ လက်နက်ကြီး တွေ အပြန်အလှန်တိုက်ခိုက်နေကြတာ သောသောညံလို့၊ သံလွင်မြစ်အနောက်ဘက်ဆီမှ ကမမောင်းကလည်း ပစ်၊ ဝဲပျံကလည်း ပစ်နဲ့၊ မိုင်းတွေကလည်း ပတ်ဝန်းကျင်မှာ အပြည့်။ တိုင်းရင်းသားပြည်သူဘဝ အနေဆင်းရဲ၊ အစား ဆင်းရဲ၊ ပညာဆင်းရဲတဲ့ ဘဝတွေပါ။ အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေ ခူးစားကြရတယ်။ ဓားပြကလည်း တိုက်သဗျ၊ လူကောင်းလား၊ လူဆိုးလား၊ အစစ်အမှန်လား၊ အတုအယောင်လား၊ မခွဲခြားနိုင်တဲ့ခေတ်ကြီးပါ။ လခထုတ် တဲ့ နေ့လယ်မှာ ဆရာမတွေ ဓားရေးပြတိုက်ခဲ့ကြတယ်။ အရင်အစိုးရကျောင်းမှာ ဆရာပဲရှိတယ်၊ ဆရာမ မရှိဘူး။ ခုတော့ ဆရာမတွေ များလာတယ်။ ဟိုတုန်းက အနောက် တိုင်းသားတွေကလည်း မြှောက်ထိုးပင့်ကော် အိမ်ကြက် ချင်းအိုးမဲသုတ် ခွပ်ခိုင်းနေတာပါ။ တိုင်းရင်းသားတွေ ကလည်း ရိုးသားလွန်းပါတယ်။ လူကြီးတွေရော မျိုးဆက်သစ်တွေရော အမှောင်လောကက ရုန်းမထွက်နိုင် ခဲ့ကြဘူး''ဟု ဒေသခံ ဘောဂဗေဒဆရာ ဆရာမျိုးက ပြောပြသည်။

 

ယခင် အင်ဖက်မိုး၊ အင်ဖက်ကာတဲတွေနေရာမှာ တိုက်တာတွေ နေရာယူနေပြီ၊ မြေလမ်းတွေလည်း ကတ္တရာ လမ်းတွေ ဖြစ်နေပြီ၊ ကားတွေတဝီဝီ၊ ဆိုင်ကယ်တဝီဝီနဲ့ မြန်မာ၊ ထိုင်း၊ အာဆီယံခရီးလမ်း ခြေဆန့်နိုင်ကြပြီ။ ''မိမိ သားသမီးများကို ပညာအမွေပေးပါ''ဟူသော ဆိုင်းဘုတ် ကြီးက ကပ္ပလီကျောင်းဝင်းထဲ ဟည်းနေသည်။ ကပ္ပလီ အထက ခန်းမထဲ ၁ဝတန်းကျောင်းသူ ကျောင်းသား ၁ဝဝ ခန့် နေရာယူနေသည်။ ကပ္ပလီရွာဟု ဆိုသော်လည်း တောင်ငူ-သံတောင်အရပ်က ကရင်မလေးတွေကဲ့သို့ အသားအရေဖြူစင်ဝင်းပလှပကြသည်။ ကျောင်းသား ကျောင်းသူများအားလုံး ယဉ်ကျေးသိမ်မွေ့ကြပါသည်။ ရိုးသားဖြူစင်ကြပါသည်။ ဉာဏ်ပညာ ထက်မြက်သည်။ ကြိုးစားအားထုတ်မှုတွေ ရှိကြသည်။ စာသင်ကြားလမ်းòန် ကြရာမှာ လမိုင်းကပ်ပြီး အောင်မြင်သည်။

 

ကရင်ပြည်နယ်သည် ငြိမ်းချမ်းရေးနှင့်အတူ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများ ဖွံ့ဖြိုးတိုးတက် နေသည်။ လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်နေသည်။ အမွေကောင်းများ ပေးနေသည်။ မြေပြန့်နှင့်အတူ ငြိမ်းချမ်းရေး အသီးအပွင့်များ ခံစားကြသကဲ့သို့ ဘဝအလင်းရောင်များ တောက်ပသာယာနေမည့် တောင်တန်းဒေသများ ဘဝကို တွေ့လျက် ရင်မှာကြည်နူးပီတိဖြာဝေရပါသည်။ ။