ဘားအံ ၃၀   မတ် 

 

ကရင်ပြည်နယ်၊ ဘားအံမြို့သည် အနားယူ အပန်းဖြေ လည်ပတ်စရာနေရာများ ပေါများသည်နှင့်အညီ သဘာဝ တောတောင်စိမ့်စမ်းရေတံခွန်လိုဏ်ဂူများပေါများခြင်း၊ တန်ခိုးကြီးဘုရာများနှင့် တိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှုများ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝပုံစံများကို မြင်တွေ့နိုင်ခြင်းတို့ကြောင့်  နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၊ ရပ်နီးရပ်ဝေးမှဘုရားဖူးဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာလျက်ရှိရာ  မြို့ရွာသန့်ရှင်းသာယာ လှပရေး၊ စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်များကင်းရှင်းစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ကြရာ မတ် ၃၀ ရက် နံနက် ၆ နာရီခွဲက ဘားအံမြို့အဝင် သံလွင်တံတား၊ သုံးမြှောင့်လမ်းဆုံ၌ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊  ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၁၀ဝ၀ ကျော်ခန့်သည် ဘားအံမြို့အဝင် သံလွင်တံတား သုံးမြှောင့်လမ်းဆုံမှ မြို့တွင်းဘက် ထောင်ဝိဘုန်းတော်ကြီးကျောင်းထိလည်ကောင်း၊ ကော့ကျိုက်ကျေးရွာ ညောင်ရိပ်ဆီဆိုင်ထိ လည်ကောင်း၊ သံလွင်တံတား တစ်ဖက်ကမ်း ဘားကပ်ကျေးရွာထိလည်ကောင်း ကားလမ်းဝဲယာတစ်လျှောက်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များအား ခုတ်ထွင်းရှင်းလင်း၍ စွန့်ပစ်ပလပ်စတစ်နှင့်အမှိုက်များအား ရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

11