ထန်းတပင် ၃၀ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် မွန်စာပေအရည်အချင်းစစ်စာမေးပွဲကို မတ်လ(၂၉) ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မွန်စာပေအရည်အချင်းစစ်စာမေးပွဲကို မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားကလေးငယ်(၂၆)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဆုရရှိမည့် မွန်တိုင်းရင်းသားကလေးငယ်များကို မြို့နယ်တာဝန်ရှိသူများက ဧပြီ (၂)ရက်နေ့တွင် ဆုများကိုပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှကျင်းပပြုလုပ်မည့် စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုခွင့်များ ရရှိမည်ဖြစ်ကြောင်း မြို့နယ်မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နိုင်မြင့်သိန်းထံမှ သိရသည်။
ထန်းတပင်မြို့နယ် နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှကြီးမှူးကာ မွန်တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မွန်တိုင်းရင်းသားကလေးငယ်များအား မတ်လ(၂) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ (၁)လကြာ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ ဖြေဆိုသည့် အရည်အချင်းစစ်စာမေးပွဲသည် သင်တန်းတက်ရောက်ပြီးစီးမှု မြို့နယ်အဆင့်စာမေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)