ငဖဲ ၃၀ မတ်
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာန တောင်ပေါ်ဘိနယ် ဂုတ်ကြီး စာသင်ကျောင်းရှေ့ စိန်ပန်းပင်ပေါ်တွင် အိပ်နေသော အောက်ချင်းငှက် အထီးတစ်ကောင်အား လေးခွနှင့်ပစ်ခတ်သူကို မတ်လ(၂၈)ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမ်းမြို့၊ လေယာဉ်ကွင်းရပ်တွင် နေထိုင်သူ(၆)ဘီးယာဉ်မောင်း ဦးဝင်းမောင် (၃၇)နှစ်ရှိသူ က လေးခွဖြင့် အောင်ချင်းငှက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ငဖဲမြို့ သစ်တောဦးစီဌာနတောအုပ်မှ ပဒါန်းနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်းကြားခဲ့ခြင်းဖြစ်သည်။
" ရှားပါးတဲ့ တိရိစ္ဆာန်တွေ ၊ ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းရမယ့်အစား ငွေရပေါက်တစ်ခုတည်းကြည့်ပြီးဖမ်းဆီးတာတွေ ၊ အရောင်းအဝယ်လုပ်တာတွေ၊ ခုလို ပစ်ခတ်သတ်ဖြတ်တာမျိုးတွေကို ကျွန်တော်တို့ ဒေသခံတွေက လုံးဝရှုံ့ချပါတယ် " ဟု ငဖဲမြို့နယ်တွင်နေထိုင်သူ ဦးမျိုးလှိုင်ဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် သယ်ဆောင်ရောင်းဝယ်သူများ ထံမှ ဖမ်းဆီးရမိခဲ့သော အောင်ချင်းငှက်(၉)ကောင်းအား ငဖဲမြို့နယ် ဂုတ်ကြီးရေထိန်းတော မန်းကြိုးပြင်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာ(၁၅)ရက် နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကာ ရှားပါးဇီဝမျိုး ထိန်းသိမ်းမှုများကို သစ်တောဦးစီးဌာနနှင့် ဒေသခံပြည်သူများက လုပ်ဆောင်ခဲ့ကြသည့် ဖြစ်စဉ်ရှိခဲ့သည်။
အောက်ချင်းငှက်ကို ပစ်ခတ်သတ်ဖြတ်သူ ဦးဝင်းမောင်းအား ငဖဲမြို့နယ်၊ ပဒါန်း နယ်မြေရဲစခန်းမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇေယျတု(မကွေး)