ဘားအံ ၃၀ မတ်
ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသော (၄၉) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာတွင် ကျင်းပခဲ့သည်။
ကရင်စာပေနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်ရေးနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းမြတ်နိုးတန်းဖိုးထားတတ်စေရန် ရည်ရွယ်၍ ကရင်စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ် မွမ်းမံသင်တန်းကို ဒေသအသီးသီးတွင် ပြန်လည်ဆင့့်ပွား ပို့ချပေးနိုင်ရန် (နည်းပြ) မွမ်းမံသင်တန်းကို နွေရာသီကျောင်းပိတ်ချိန်တွင် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကရင်ပြည်နယ်မှ(၆)မြို့နယ်၊ မွန်ပြည်နယ်မှ(၆) မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးမှ (၃)မြို့နယ်၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၄၉၁)ဦးကို မတ်လ (၂၉)ရက်နေ့မှ ဧပြီလ (၁၁)ရက်နေ့ထိ နှစ်ပတ်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အစိုးရအဖွဲ့ မွန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးစောအေးမြနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
