အုတ်တွင်း ၃၁ မတ်
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်ကျော်ကားလမ်းတွင် တာဝါတိုင်တူးရန် အလုပ်သမား များတင်ဆောင်လာသည့် ယာဉ်တစ်စီး အနက် ပေ ၂၀ဝ ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်၍ လိုက်ပါလာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်ကျော် ကားလမ်းအတိုင်း အရှေ့မှ အနောက်သို့ တိုးမောင်(ခ)အောင်သူရ (၃၄)နှစ်၊ ၁၉ ရပ်ကွက်၊ တောင်ငူမြို့နေသူ မောင်းနှင်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် နေ့စားအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၄၀ ဦး တင်ဆောင်လာသည် YGN-9H----- FUSO ၆ ဘီးယာဉ်သည် ရိုးမဖြတ်ကျော်ကားလမ်း မိုင်တိုင် ၇၁/၇ မရမ်းတံတားအနီး အရှိန်လွန်ပြီး ကားလမ်း၏ ယာဘက်ရှိ ပေ ၂၀ဝ ခန့်နက်သည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်နောက်လိုက် ကျော်မင်းထွန်း (၃၆)နှစ်၊ ထန်းတပင် မြို့နယ်နေသူ အပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့ပြီး လိုက်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကို၊ မြို့မစခန်းမှူး ဒုရဲမှူး ချစ်ကိုကို ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)