နေပြည်တော် ၃၁ မတ်
နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်ထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။

နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လ၏ ပုံမှန်အပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန် တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နှင့် တောင်ငူမြို့တို့တွင် (၄၁)ဒီဂရီ စင်တီဂရိတ်စီနှင့် မုံရွာမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ရမည်းသင်းမြို့၊ ကျောက်ဆည်မြို့၊ တံတားဦးမြို့၊ နေပြည်တော် (ဇေယျာသီရိမြို့နယ်)၊ ပျဉ်းမနားမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၀)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်သည်။ မှတ်သားဖွယ်ရာ မိုးရေချိန်မှာ မချမ်းဘောမြို့တွင် (ဝ ဒသမ ဝ၈)လက်မ ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
MDN