မော်စကို ၁ ဧပြီ
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအား ဗင်နီဇွဲလားအရေးတွင် ထပ်မံဝင်ရောက်စွက်ဖက်မှု မပြုရန်နှင့် နိုင်ငံအတွင်း ရုရှားကာကွယ်ရေးတပ်ဖွဲ့များ တပ်ဖြန့်ထားရှိမှုအပေါ် အပြုသဘောမဆောင်သည့် ထင်မြင်ယူဆချက်များ မထားရှိစေလိုကြောင်း သတိပေးပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားအစိုးရအား စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ပြည်တွင်းစစ်ပွဲအသွင်သို့ တွန်းပို့လျက်ရှိသည်။ ယင်းသို့လုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဆိုသည်။
ရုရှားနိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ဖြန့်ကြက်ထားရှိမှုသည် ပြည်တွင်း စစ်ပွဲဖြစ်ပွားရန် ရည်ရွယ်ပြီး လုပ်ဆောင်ထားရှိခြင်း မဟုတ်ပါကြောင်း မာရီယာဇာခါရိုဗာက ဆက်လက်ပြောကြားခဲ့သည်။
မတ် ၂၃ ရက်က ရုရှားလေယာဉ်နှစ်စင်းသည် ဗင်နီဇွဲလားနိုင်ငံသို့ ရောက်ရှိခဲ့သည်။ အဆိုပါလေယာဉ်တွင် တပ်မတော်သား ၁၀ဝ နီးပါးနှင့် ကာကွယ်ရေးပစ္စည်း ၃၅ တန်ခန့် တင်ဆောင်လာခဲ့သည်ဟု မီဒီယာများက သတင်းရေးသားကြသည်။
ထိုသို့ ရုရှားကာကွယ်ရေးတပ်ဖွဲ့များ ဗင်နီဇွဲလား နိုင်ငံသို့ တပ်ဖြန့်ထားခြင်းသည် နှစ်နိုင်ငံကာကွယ်ရေး နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မာရီယာဇာခါရိုဗာ က ဆိုသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း ရုရှားတပ်မတော်က စစ်ဆင်ရေးများဆောင်ရွက်ရန် တပ်ဖြန့်ထားရှိသည်ဟု ထင်ကြေးပေးမှုများသည် အခြေအမြစ်မရှိသော ထင်မြင်ယူဆမှုများပင် ဖြစ်သည်ဟု မာရီယာဇာခါရိုဗာက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် သမ္မတ မာဒူရိုနှင့်အတိုက်အခံခေါင်းဆောင် ဂွါအီဒိုတို့အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆင်ဟွာ