မန္တလေး ၁ ဧပြီ
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ မန္တလေးမြို့တော်အတွင်း၌ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုပြယုဂ်အဖြစ် ကုန်းဘောင်ခေတ်နှောင်း၊ အင်းဝ၊ အမရပူရနှင့် ရတနာပုံခေတ် ဗိသုကာအနုပညာလက်ရာများဖြင့် တည်ဆောက်လှူဒါန်းခဲ့ကြသည့် ရှေးဟောင်း မြန်မာ့သစ်သား ဘုန်းတော်ကြီးကျောင်းများကို ခေတ်အဆက်ဆက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်မှု များဖြင့် ယနေ့တိုင် ခံ့ညားထည်ဝါစွာ တွေ့မြင်လေ့လာနိုင်ကြောင်း သိရသည်။

ရှေးခေတ် မြန်မာလူမျိုးတို့သည် သာသနာဝန်ထမ်း ရဟန်းတော်များ အေးချမ်းသာယာစွာ သီတင်းသုံးနေထိုင်၍ သာသနာတာဝန်များကို ထမ်းဆောင်နိုင်စေရန်နှင့် ခေတ်အဆက်ဆက် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများ မပျောက်ကွယ်စေရေး တို့အတွက် ထိန်းသိမ်းပြသရာ နေရာတစ်ခုအဖြစ် ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်းကို စာပေ အထောက်အထားများသာမက ကြွင်းကျန်ရစ်သော ရုပ်ဝတ္ထု အဆောက်အအုံများအရ သိရရှိနိုင်ပေသည်။

ရှေးခေတ်မြန်မာ့ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ရာတွင် ကျောင်းဦး၊ ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂ ဆောင်များ ပါဝင်ဖွဲ့စည်းဆောက်လုပ်ထားကြပြီး အဆိုပါဖွဲ့စည်းပုံ အပြည့်အစုံဖြင့် ရှားပါးအဖိုးတန်စွာ ကျန်ရှိနေသည့် သစ်သားဘုန်းတော်ကြီးကျောင်းများအား ရှေးဟောင်းသုတေသနနှင့် ခေတ်အဆက်ဆက် သီတင်းသုံးနေထိုင်ခဲ့ကြသည့် သံဃာတော်များမှ ပြုပြင်မွမ်းမံမှုများဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တော်အတွင်း၌ ခေတ်အဆက်ဆက် တည်ဆောက်လှူဒါန်းခဲ့ကြသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ သစ်သားကျောင်းတော်ကြီးများအား တွေ့မြင်နိုင်သော်လည်း မြန်မာ့ယဉ်ကျေးမှုပြယုဂ်အဖြစ် အဆောင်ဖွဲ့စည်းမှုများပါဝင်သော စံပြမြန်မာ့သစ်သား ဘုန်းတော်ကြီးကျောင်းများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ရွှေအင်ပင်ကျောင်း၊ ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်းရှိ သာကဝန်ကျောင်း၊ ဒေးဝန်းအနောက်ရပ်ကွက်ရှိ သင်္ဂဇာကျောင်း၊ ဗန်းမော်ကျောင်းတိုက် အတွင်းရှိ ဗန်းမော်ကျောင်း၊ အောင်မြေသာစံမြို့နယ် အရှေ့ပြင် မဟာဝိသုဒ္ဓါရာမကျောင်းတိုက်အတွင်းရှိ ကြေးမြင်မိဖုရားကျောင်း၊ ရမည်းသင်းကျောင်းနှင့် ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မဟာမင်းထင်ကျောင်းတို့ကို ဂုဏ်ယူဝံ့ကြွားစွာ တွေ့မြင်နိုင်ကြမည် ဖြစ်ပေသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်
