နေပြည်တော် ၁ ဧပြီ
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ပိုင် မြေကွက်တွင် မြေဖို့လုပ်ငန်းဆောင်ရွက်ပေးရခြင်း၊ ၎င်းပိုင်မြေကွက်၌ အိမ်ဆောက်လုပ်သည့် အင်ဂျင်နီယာအား ငွေပေးရန်အတွက် ဖုန်းဖြင့် ဆက်သွယ်တောင်းခံလာ၍ ၎င်းပေးသည့် Bank Account သို့ ငွေထည့်သွင်းပေးခဲ့ရပြီး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား အငြင်းပွားမှု ဖြစ်ပေါ်မှသာ ပြန်လည်ပေးအပ်ခဲ့ခြင်းတို့အား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ(၂)လမ်းနှင့် (၃)လမ်းကြားရှိ ၎င်းပိုင်မြေကွက် အမှတ်(A064)တွင် မြေညှိ မြေဖို့ခြင်း လုပ်ငန်းအား ဆောင်ရွက်စေပြီး ကုန်ကျငွေကျပ် ၃,၂၇၂,ဝ၀ဝ ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်း၊ ၂၀၁၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ၎င်း၏မိသားစုနှင့်အတူ ငပလီကမ်းခြေ အပန်းဖြေခရီး သွားရောက်ရာတွင် ဟိုတယ်အခန်းခ ငွေကျပ် ၄,၂၁၆,၉၀၅ ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ၁-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ACC Myanmar မှ သိရသည်။
MDN