၂  ဧပြီ

 

ယူကရိန်းနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအတွက် ပထမအကျော့မဲပေးမှုကို မတ် ၃၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ ယူကရိန်း လက်ရှိသမ္မတ ပီထရိုပိုရိုရှန်ကိုဟာလည်း နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံရဖို့အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာက လက်ရှိရွေးကောက်ပွဲမှာ ရေပန်းစားတာက လက်ရှိသမ္မတမဟုတ်ဘဲ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဟာသပညာရှင် ဗိုလိုဒီမာဇီလန်စကီးပဲ ဖြစ်ပါတယ်။

 

တတိယအကျော့ယှဉ်ပြိုင်ရမယ်

 

ယခင်ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုအပါအဝင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြသူတွေဟာ သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဥရောပကိုလိုလားတဲ့ အမြင်တွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြသူတွေထဲမှာ ရုရှားဘက်ယိမ်းတဲ့သူကတော့ တစ်ဦးတလေမှ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ မတ် ၃၁ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မည်သူတစ်ဦးတစ်ယောက်ကမှ မဲရလဒ် ၅၀ ရာခိုင်နှုန်းကို မရခဲ့ဘူးဆိုရင် ဧပြီ ၂၁ ရက်မှာ မဲအများဆုံးရရှိတဲ့နှစ်ယောက်ဟာ ဒုတိယအကျော့အနေနဲ့ ထပ်မံယှဉ်ပြိုင်ရမှာပါ။

 

ဖြေရှင်းရမည့်ပြဿနာများ

 

သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၃၉ ဦးရှိပြီး မဲအများဆုံးရရှိတဲ့သုံးဦးကသာ အောင်မြင်မှုအလားအလာ ရှိတယ်လို့ ယူဆရမှာပါ။ ယူကရိန်းနိုင်ငံရဲ့သမ္မတဟာ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတို့မှာ အထူးအာဏာ သက်ရောက်ပါတယ်။ လက်ရှိသမ္မတ ပိုရိုရှန်ကိုဟာ ယူကရိန်းနိ်ုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းထဲကဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားဘက်ယိမ်းတဲ့သမ္မတ ဗစ်တာယာနုကိုဗစ် ကို ဖြုတ်ချပြီးတဲ့နောက် ရုတ်တရက်ပြုလုပ်တဲ့ မဲပေးပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပဲ ခရိုင်းမီးယားအရေးဖြစ်ခဲ့ပြီး အခြေအနေတွေ ရှုပ်ထွေးခဲ့ရပါ တယ်။ ယူကရိန်းနိ်ုင်ငံမှာ နောက်တက်လာမယ့်သမ္မတ ရင်ဆိုင်ရမယ့် ပြဿနာတွေဟာလည်း မသေးပါဘူး။ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ခွဲထွက်ရေး သမားတွေကြား မတိုးသာမဆုတ်သာ ဖြစ်နေတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြေ ရှင်းသွားရမှာပါ။

 

သပိတ်မှောက်ထား

 

ဒါ့အပြင် ယူကရိန်းဟာ ဥရောပသမဂ္ဂအဖွဲ့ကြီးနဲ့ စီးပွားရေးဆိုင်ရာ ချည်နှောင်မှုတွေ ပိုမိုရှင်သန်လာစေရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ ကြီးရဲ့ တောင်းဆိုမှုတွေနဲ့ပြည့်မီအောင် ကြိုးစားနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ၄၄ သန်း သောပြည်သူတွေမှာ ၁၂ ရာခိုင်နှုန်းဟာ မဲပေးပိုင်ခွင့်မရဘူး။ အထူးသဖြင့် ရုရှားနဲ့ ခရိုင်းမီးယားဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ မဲပေးခွင့်မရကြဘူးလို့ ိဥရောပသမဂ္ဂအဖွဲ့ ကြီးက ပြောပါတယ်။ ခရိုင်းမီးယားအရေး ဖြစ်ပေါ်လာပြီးနောက် ယူကရိန်းကနေခွဲထွက်လိုသူတွေ ထိန်းချုပ်ထားတဲ့ဒေသမှာ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။

 

မဲအများဆုံးရရှိ

 

ဒီတော့ အခုရွေးကောက်ပွဲမှာ ဘယ်သူတွေက ရှေ့တန်းပြေးနေသလဲဆိုတာကို ကြည့်ရအောင်။ အသက် ၄၁ နှစ်အရွယ် ဟာသပညာရှင် မစ္စတာဇီလန်စကီးကတော့ မဲအရေအတွက် အများဆုံးရရှိထားလို့ ရွေးကောက်ပွဲမှာ ရှေ့တန်းကပြေးနေ သူပါ။ သူဟာမဲအရေအတွက် ၃၀ ဒသမ ၄ ရာခိုင်နှုန်းကို ရရှိထားပါတယ်။ မစ္စတာ ဇီလန်စကီးဟာ လူငယ်မဲဆန္ဒရှင်တွေကို အဓိကထားပြီး မဲဆွယ်စည်းရုံးပါတယ်။ သူဟာ လူမှုကွန်ရက် မီဒီယာကို အသုံးပြုပြီး သူ့ရဲ့မဲဆွယ်စည်းရုံးမှုတွေကို ပြုလုပ်ပါတယ်။

 

ဒုတိယမဲအများဆုံးရသူ

 

ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရရှိသူကတော့ လက်ရှိ သမ္မတ ပိုရိုရှန်ကိုပဲ ဖြစ်ပါတယ်။ မဲအရေအတွက် ၁၇ ဒသမ ၈ ရာခိုင်နှုန်းကို ရရှိထားပါတယ်။ ပိုရိုရှန်ကိုဟာ အသက် ၅၃ နှစ် အရွယ်ရှိပြီး သူအဓိကပစ်မှတ်ထားတဲ့ မဲဆန္ဒရှင်တွေကတော့ ကွန်ဆာဗေးတစ်တွေပဲ ဖြစ်ပါတယ်။ သူ့နောက်မှာ ယူကရိန်းတပ်ဖွဲ့ရဲ့ ထောက်ခံမှုကိုလည်းရထားတော့ ယူကရိန်းနိ်ုင်ငံအရှေ့ပိုင်းက ခွဲထွက်လိုသူတွေကို ထိန်းသိမ်းရာမှာ သူကပိုပြီးအလုပ် ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူဟာဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားနိုင်တော့ ယူကရိန်းနိ်ုင်ငံသားတွေဟာ ဗီဇာကင်းလွတ်ခွင့် အပါအဝင် အခြားသောကိစ္စတွေမှာ လည်း ဆွေးနွေးညှိနှိုင်းအောင်မြင်ထားပါတယ်။

 

တတိယနေရာကလိုက်သူ

 

ရွေးကောက်ပွဲတတိယနေရာက ပြေးနေတဲ့သူကတော့ အသက် ၅၈ နှစ်အရွယ် ယူလီယာတိုင်မိုရှန်ကိုပဲဖြစ်ပါတယ်။ သူဟာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ၂၀၁၀ ပြည့်နှစ်မှာ တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်မှာတစ်ကြိမ် သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ ၂၀၁၄ ခုနှစ်ရွေးကောက် ပွဲမှာတော့ သူဟာ လက်ရှိသမ္မတ ပိုရိုရှန်ကိုပြီးရင် ဒုတိယမဲအများ ဆုံးရတဲ့လူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်က အုံကြွမှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ သူရရှိတဲ့မဲ အရေအတွက်ကတော့ ၁၃ ဒသမ ၈ ရာခိုင်နှုန်းပါ။ အခုရွေး ကောက်ပွဲမှာတော့ မဲအများဆုံးရရှိတဲ့ နှစ်ယောက်မှာ သူမပါခဲ့လို့ သူ့အနေနဲ့ အခွင့်အရေးမရှိသလောက် နည်းသွားပါပြီ။

 

မကျေနပ်ချက်တွေဖြေဖျောက်

 

ယူကရိန်းနိုင်ငံမှာ ရုန်းကန်နေရတဲ့ သာမန်လူတန်းစားနဲ့ ချမ်းသာကြွယ်ဝတဲ့ လူနည်းစုစီးပွားရေးလုပ်ငန်းရှင်တွေကြား အကျင့်ပျက်ခြစားမှုတွေနဲ့ ရိုးသားတဲ့အစိုးရကို လိုလားသူတွေကြား မဲပေးမှုဟာလည်း ကွဲပြားလို့နေပါတယ်။ လက်ရှိသမ္မတ ပိုရိုရှန်ကို ကိုယ်တိုင်ကလည်း ချမ်းသာကြွယ်ဝတဲ့ ချောကလက် ကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ လက်ရှိအခြေအနေကို စိတ်ပျက်နေကြတဲ့ မဲဆန္ဒရှင်တွေနဲ့ ရှေးရိုးအစဉ်အလာ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အတွေ့အကြုံလုံးဝမရှိတဲ့ ဟာသပညာရှင် ဗိုလိုဒီမာဇီလန်စကီးကို မဲပေးကြရင်း သူတို့ရဲ့မကျေနပ် ချက်တွေကို ဖြေဖျောက်နေကြပါတယ်။ မစ္စတာဇီလန်စကီးဟာ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ မဲဆန္ဒရှင်တွေကို စကားပြောတဲ့အခါ ရုရှားဘာသာစကားကို အသုံးပြုပြီး ပြောပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ငါးနှစ်ခန့်က ခရိုင်းမီးယားအရေး ဖြစ်ပွားခဲ့တဲ့အခါမှာ တော့ ရုရှားဘက်ယိမ်းတဲ့ နိုင်ငံရေးသမားတွေဟာ အင်အား လျော့ကျလာပါတယ်။ နောက်ပြီးတော့ သန်းနဲ့ချီတဲ့မဲတွေကို လည်းဆုံးရှုံးခဲ့ရပါတယ်။

 

ရလဒ်တွေကို သဘောမကျ

 

လက်ရှိပြည်တွင်းမှာ ဖြစ်ပွားနေတဲ့အရာတွေဟာ မျိုးချစ်စိတ်နဲ့ မသက်ဆိုင်ဘူးလို့ အသက် ၅၂ နှစ်အရွယ် နိုင်ငံရေးတက် ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဗစ်တာလိုမိုနိုက ပြောပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်က အုံကြွမှုမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဥရောပ သမဂ္ဂ၊ နေတိုးအဖွဲ့နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးကသာ တိုင်းပြည်အနာဂတ်ကို အာမခံချက်ပေးနိုင် လိမ့်မယ်လို့ သူက ပြောပါတယ်။ အဲဒီအတွေးအမြင်ဟာ ၂၀၁၄ ခုနှစ် က အုံကြွမှုတွေမှာ ပါဝင်ခဲ့ကြသူတွေကြား သက်ဝင်လှုပ်ရှားခဲ့ပါ တယ်။ ဒါပေမယ့် ငါးနှစ်ကြာပြီးတဲ့ နောက်မှာတော့ ရရှိလာတဲ့ ရလဒ်တွေကို သူကိုယ်တိုင်လည်း သဘောမကျတော့ပါဘူး။

 

ချောချောမွေ့မွေ့ ပြီးသွား

 

မတ် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ချိုးဖောက်မှုတွေ အများကြီးရှိတယ်လို့ သတင်းပို့မှုတွေ အများကြီး လက်ခံရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ ပြီးသွားခဲ့ပြီလို့ နိုင်ငံခြားက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အခုပထမ တစ်ကျော့မဲပေးပွဲမှာ ဘယ်သူမှ ၅၀ ရာခိုင်နှုန်းထက်ကျော်အောင် မဲမရခဲ့တဲ့အတွက် မဲအများဆုံးရရှိ သူနှစ်ဦးဟာ ဧပြီ ၂၁ ရက်မှာ ပြုလုပ်မယ့် ဒုတိယအကျော့ မဲပေးပွဲကို ဦးတည်သွားကြပါပြီ။ ရွေးကောက်ပွဲကို ကြေညာထားတဲ့ ဆိုင်းဘုတ် အောက်မှာ သမ္မတပိုရိုရှန်ကိုက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်တည်းပဲသမ္မတ ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။ သမ္မတအဖြစ် ရွေးကောက် ခံရသူဟာ ဇွန် ၃ ရက်မှာ စတင် တာဝန်ထမ်းဆောင်ရမှာပါ။ ဘယ်သူသမ္မတဖြစ်လာမလဲဆို တာကတော့ နောက်တစ်ကျော့ ယှဉ်ပြိုင်မှုကျမှပဲ သိရတော့ မှာပါ။

 

ခြူးစန္ဒီနွေး

 

ကိုးကား -ဘီဘီစီ ၊နယူးယောက်တိုင်းမ်