နေပြည်တော် ၃ ဧပြီ

မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ကြီးကိုလှမ်း၍ ဖူးမြော်နိုင်သည့် ပြည်သူ့ရင်ပြင်ကြီးတွင် ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ တရားပွဲကြီး ကျင်းပလျက်ရှိ၏။ ပြီးခဲ့သည့် ၂၀၁၈ မှ၂၀၁၉ သို့ နှစ်သစ်အကူးအပြောင်းတွင်လည်း တရားပွဲကြီးကို ဤနေရာ၌ပင် သုံးညတိုင် ခြိမ့်ခြိမ့်သဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ နှစ်ဟောင်းတွင် တွေ့ကြုံခဲ့ရသည့် အဆိုးများကိုထားခဲ့၍ နှစ်သစ်တွင် ကောင်းများဖြင့်သာ ကြုံတွေ့ရန် လိုလားကြသည့် ပြည်သူအများအား ဤတရားပွဲကြီးများက စိတ်ခွန်အား ပေးလိုက်သည်သို့လည်းရှိခဲ့ရာ မိမိတို့ကိုယ်စီ တာဝန်များကို နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ကြိုးစားလုပ်ကိုင်ကြတော့သည်

အများပြည်သူလူအပေါင်းတို့ သိရှိပြီးဖြစ်သည့်အတိုင်းပင် ဗုဒ္ဓဝါဒသည် စိတ်ကို စင်ကြယ်စေအောင် ကျင့်ကြံအားထုတ်သော ယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်ပါ၏။ ထိုသို့ လောဘ၊ ဒေါသ၊ မောဟဟူသောလူတို့ကို လောင်မြိုက်စေသည့် အဆိုးတရားခေါ် အကုသိုလ်ကို ပယ်ဖျောက်ရန်မှာ မိမိကိုယ်တိုင်ကသာ လုပ်ယူမှ ရနိုင်ပါ၏။ သို့မှသာ လူယဉ်ကျေးတစ်ယောက်အဖြစ် လူ့အသိုင်းအဝိုင်းတွင် ရပ်တည်နိုင်မည်ဖြစ်ပါ၏။ ယဉ်ကျေးမှုဟူသော စကားသုံးလုံးသည် လူတစ်ဦးချင်းမှသည် တစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာအတွက် အရေးပါလှပါ၏။

ယခုမြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွင် ဒီမိုကရေစီယဉ်ကျေးမှုရှိရန် အထူးလိုအပ်သည်ဖြစ်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် အတူ ခရစ်ယာန် ၊ အစ္စလာမ် ၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ နတ်ကိုးကွယ်မှု စသည်ဖြင့် ကွဲပြားသော်လည်း ဘာသာအားလုံးမှာ ညီညွတ်စွာ အတူယှဉ်တွဲကာ အပြန်အလှန် လေးစားကြပါ၏။ ဤကဲ့သို့သော ဒီမိုကရေစီယဉ်ကျေးမှုက နိုင်ငံသားကောင်းများ ပေါ်ထွန်းလာရေးကို ညွှန်းဆိုနေသည်ပင်ဖြစ်ပါ၏။ သို့ပါသောကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော တရားပွဲများသည် ပြည်သူများကို ငြိမ်းချမ်းစေသည်။ အချင်းချင်း ကူညီရိုင်းပင်းကြစေသည်။ စုပေါင်းအားဖြင့် ညီညီညွတ်ညွတ် လုပ်ဆောင်ပါက အရာရာအောင်မြင်နိုင်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးဖြင့် ပြည့်စုံစေသည်။ အဆုံးတွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်ပါသည်။ ဤသို့သော ကောင်းမြတ်သော ရတနာကဲ့သို့ အချင်းအရာများဖြင့် ပြည့်စုံနေသော တရားပွဲများဖြစ်ခြင်းကြောင့် တရားပွဲဖြစ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများက ဝိုင်းဝန်းလုပ်ဆောင်ကြ ခြင်းပင်ဖြစ်ပါ၏။ ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ကပင် တရားပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ထားပုံကို မြင်တွေ့ခဲ့ရပါပြီ။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုမို ကြီးကျယ်ခမ်းနားလာသည်ကိုလည်း သတိပြုမိသည်။

ဤသည်မှာ လူအပေါင်း၏ ကိုးကွယ်ယုံကြည်မှုစိတ်ဓာတ်နှင့်အတူ လွန်စွာကြီးမားသော စေတနာသဒ္ဒါတရားတို့ ထက်သန်လာသောကြောင့် ဟု ဆိုရမည်ပင်။ တရားပွဲကြီး ကျင်းပတော့မည်ဟူသော နှိုးဆော်ဘုတ်ကြီး ထောင်ထားခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပတ်ကျော်ကပင်ဖြစ်၍ တရားဟောမည့် ဆရာတော်ကြီးများ၏ ဓာတ်ပုံကြီးများနှင့်အတူ အမည်နာမများ ဘွဲ့တော်များကို ဖော်ပြထားသောကြောင့် ဆရာတော်ကြီးများကို ကြိုတင်၍ ကြည်ညိုကန်တော့မိကြပါ၏။ တရားပွဲအတွက် အလှူတော်ငွေထည့်ဝင်ရန်လည်း တရားနာပရိသတ်တို့ ကြိုတင် ပြင်ဆင်ထားနိုင်သည်။ ရပ်ဝေးမှ လာရောက်ကြမည့်သူအပေါင်းအတွက် ပြည်သူ့ရင်ပြင် အရောက်ပို့ဆောင်မည့် ကုသိုလ်ပြုကားကြီးများ ရှိပါသည်။ တရားနာပြီးနောက် အိမ်အပြန် ခရီးအတွက်လည်း စိတ်ပူရန်မရှိပါ။ ပြည်သူ့ရင်ပြင်ဝင်းထဲကအထွက်၊ ကြားရမည့်အသံများကတော့ ကုသိုလ်ပြုကားများပေါ် လိုက်ပါစီးနင်းရန် ပျူငှာလှိုက်လှဲစွာ ဖိတ်ခေါ်နေကြသံများပင်ဖြစ်ပါ၏။ ယခုတရားပွဲ ကျင်းပရေးအတွက် ပြင်ဆင်မှုမြင်ကွင်းကား ပြည့်စုံသည်ထက် ပြည့်စုံလှသည်။ ကျက်သရေအတိပြီးသော ကြီးကျယ်ခမ်းနားသည့် တရားဟော စင်မြင့်ကြီးက ရွှေတိဂုံစေတီတော်ကြီးကို နောက်ခံပြုထားရာ ကြည်ညိုဖွယ်ရာကောင်းလှပါ၏။ တရားဟောစင်မြင့်၏ လက်ဝဲဘက်ခြမ်းရှိ ပြည်သူ့ ဥယျာဉ် သစ်ပင်ကြီးများအောက်တွင် လုံခြုံရေးကွပ်ကဲမှု မဏ္ဍပ်ကြီးရှိပါ၏။ တိုင်းရင်းဆေးဝါးဖြင့် ကုသလိုသူများအတွက် ဆေးခန်းကြီးနှင့်အပြိုင် ခေတ်မီဆေးဝါးဖြင့်ကုသပေးမည့် ဆေးခန်းကြီးနှစ်ခုမှာ ယှဉ်လျက်ရှိပါ၏။ တရားနာပရိသတ်များအတွက် ပူပန်စရာအလျဉ်းမရှိစေရန် ပြင်ဆင်ထားပုံမှာ လူနာတင်ယာဉ်များကို ထားရှိခြင်းပင်။ ဆရာဝန်များနှင့် သူနာပြုများ၊ ကြက်ခြေနီများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းများစုံလင်စွာ လုပ်အားဒါနပြုသည်က ချီးကျူးဖွယ်ရာပင်။ မတော်တဆပင်မဖြစ်ရလေအောင် မီးသတ်ကားကလည်း နီနီရဲရဲရပ်လျက်ရှိပါ၏။ အာဟာရဒါန ဟူသော မုခ်ဦးအတွင်းဝင်လိုက်ပါက စားသောက်ဖွယ်ရာ အမျိုးမျိုးဖြင့် စတုဒိသာ ကျွေးရန်ပြင်ထားပြီဖြစ်၏။ သောက်ရေသန့်ဟူသည့် နဖူးစည်း စာလုံးကြီးကိုလည်း အဝေးကပင်မြင်နေရသည်။ အလှူခံမဏ္ဍပ်ကြီးများလည်း အစီအရီပင်။ တရားအလှူသည် အမြတ်ဆုံးဖြစ်၏ဟူသောစကားအတိုင်း သမ္မာအာဇီဝ အလှူတော်ငွေများဖြင့် ပူဇော်ကြတော့မည်။ အများသုံး ယာယီသန့်စင်ခန်းများလည်း အဆင်သင့်ဖြစ်နေသည်။

တရားနာပရိသတ်များ စိတ်အေးချမ်းစွာဖြင့် တရားနာရန် ဘက်ပေါင်းစုံသော ပြင်ဆင်မှုများသည် မေတ္တာတရားကို ပြသခြင်းပင်။ ကရုဏာတရား၏ ပြယုဂ်တစ်ခုပင်။ ဤပြည့်စုံသော မွန်မြတ်သော တရားပွဲကြီးက ပြည်သူအချင်းချင်း စည်းလုံးညီညွတ်စေလိမ့်မည်။ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစေလိမ့်မည်။ မြန်မာတစ်ပြည်လုံးသာယာ အေးချမ်းဖွံ့ ဖြိုးတိုးတက်စေလိမ့်မည်။ လူတိုင်းနှစ်သက်အပ်သည့် ကုသိုလ်တရားများ ပွားများလာမည်မှာ ဧကန်ဖြစ်ပေလိမ့်မည်။ တစ်စက်မှ တစ်မျက်နှာဆိုသကဲ့သို့ ဤယဉ်ကျေးမှုသဏ္ဌာန်က မြန်မာပြည်အနှံ့ သာမက ပြည်ပ နိုင်ငံရပ်ခြားသို့တိုင်အောင် ပျံ့နှံ့သွားပေလိမ့်မည်။

မြန်မာ့အလင်း