ခင်ဇွန်ဇာလင်း
ရန်ကုန်မြို့မှာ ပြည်သူတွေ အနားယူအပန်းဖြေနိုင်ဖို့၊ လေ့လာလည်ပတ်နိုင်ဖို့၊ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ နေရာသစ်တွေ ဖော်ဆောင်နေတဲ့ ကာလမှာ ရန်ကုန်မြို့ ကန်တော်ကြီးဧရိယာအတွင်း တည်ဆောက်နေတဲ့ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ပြီးစီး ဖွင့်လှစ်နိုင်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
အဲဒီနိုင်ငံတကာအဆင့်မီ ငါးပြတိုက် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိ သူတွေ ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ “ဒီငါးပြတိုက်ဟာ ရန်ကုန်မြို့မှာသာမကပဲ မြန်မာနိုင်ငံမှာ ပထမဆုံး တည်ဆောက်တဲ့ နိုင်ငံတကာအဆင့်မီ ရေအောက် ဥမင်ပါတဲ့ ငါးပြတိုက်လည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပဧည့်သည်တွေလည်း လာရောက် ကြည့်ရှုနိုင်အောင် ဒီဇိုင်းရေးဆွဲတည်ဆောက် နေခြင်းဖြစ်ပါတယ်။
ဒီငါးပြတိုက်ရဲ့ ဒီဇိုင်းကိုတော့ စင်ကာပူနိုင်ငံ Surbana Jurong က ဒီဇိုင်း ရေးဆွဲပေးထားတာဖြစ်ပြီး ရေအောက်ဥမင်လည်း ပါဝင်တာမို့ လာရောက်ကြည့်ရှုသူတွေဟာ ပင်လယ်ရေအောက်ကို ရောက်ရှိလေ့လာနေရသလို ခံစားရစေမယ်လို့ ဆိုပါတယ်။ အဆောက်အအုံကတော့ Steel Structure နှစ်ထပ်ခွဲ အမျိုးအစားဖြစ်ပြီး ငါးပြ ကွက်ပေါင်း ၂၀ ကျော် ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။
တကယ်တော့ ဒီနိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုမှုနဲ့ တည်ဆောက်ခဲ့တာဖြစ်သလို ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာနနဲ့ Myanmar Aquariums ကုမ္ပဏီလီမိတက်တို့က နှစ်ရှည်ငှားရမ်းစာချုပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
ငါးပြတိုက်ရဲ့ အဝင်မှာ ပြသထားတဲ့ ငါးအမျိုးအစားများအကြောင်းနဲ့ ငါးပြကွက်တွေကို ရှင်းလင်းပြောပြပေးမှာ ဖြစ်သလို ငါးပြတိုက်အတွင်းမှာ အချို့ပြကွက်တွေမှာ ငါးတွေကိုကလေး ငယ်တွေ ကိုယ်တိုင်လက်နဲ့ ထိတွေ့ဆော့ကစား နိုင်အောင်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒီလိုငါးတွေကို ပြသတဲ့အခါ ရေချို၊ ရေငန် ငါးမျိုးစိတ်တွေကို စုဆောင်းပြသမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင် မေခနဲ့ မလိခမြစ်ဆုံဒေသက ငါးမျိုးစိတ်တွေ ပါဝင်မှာဖြစ်သလို ဧရာဝတီမြစ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ အခြားနေရာဒေသတွေက ငါးမျိုးစိတ်တွေ အမျိုးအစားပေါင်း ထောင်ချီပြီး ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
ပြည်ပက ငါးမျိုးစိတ်တွေဆိုရင်လည်း အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှတိုက်က ငါးမျိုးစိတ်ပေါင်းများစွာ ရယူစုဆောင်းပြီး ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုအချိန်မှာတော့ ပြည်တွင်း ပြည်ပက ငါးမျိုးစိတ်တွေကို စုဆောင်းနေပြီဖြစ်ပါတယ်။ ယခင်ကန်တော်ကြီးအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ရေချိုငါးပြတိုက် အဟောင်းမှ ငါးတွေကိုလည်း ထိန်းသိမ်းမွေးမြူ ထားတာမို့ လာရောက်ကြည့်ရှုလေ့လာသူတွေ စုံစုံလင်လင်နဲ့ တွေ့မြင်နိုင်ကြရေး စီစဉ်နေပါတယ်။
ကန်တော်ကြီးဥယျာဉ်အတွင်း ယခင် ရေချို ငါးပြတိုက်အဟောင်း၏ မြေဧက ငါးဧကခန့် အကျယ်အဝန်းပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်တာမို့ ရှားပါးပြီး တွေ့ရခဲတဲ့ ရေအောက်သတ္တဝါ မျိုးစုံ၊ ၎င်းတို့သွားလာနေထိုင်ပုံတွေကို နီးကပ်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြခန်းများကိုလည်း ဘင်္ဂလားပင်လယ်အော်၊ အက်ဒမန်ပင်လယ်၊ မြိတ်ကျွန်းစု၊ အင်းလေးစတဲ့ မြန်မာနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားထားတဲ့ ငါးပြကွက်၊ ပြခန်းတွေ နဲ့ ပြသသွားမှာဖြစ်ပါတယ်။
ဒီလိုရေအောက်ငါးပြတိုက်ကို တည်ဆောက် အကောင်အထည်ဖော်ရာမှာ သြစတြေးလျနိုင်ငံက ပြတိုက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ခေါ်ယူပြီး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အခုတည်ဆောက်နေတဲ့ ရေအောက်ငါးပြတိုက်လို့လည်း ခေါ်လို့ရတဲ့ ငါးပြတိုက်ဟာ ရန်ကုန်မြို့နေ ပြည်သူတွေအတွက်သာမကဘဲ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေအတွက်လည်း လာရောက် လေ့လာစရာ အပန်းဖြေနေရာတစ်ခုအဖြစ် ရောက် ရှိလာမှာဖြစ်ပါတယ်
ရန်ကုန်မြို့မှာတော့ ကန်တော်ကြီးဧရိယာဟာ ပြည်သူတွေအတွက် အပန်းဖြေနေရာတစ်ခုဖြစ်တာမို့ အခုလို နိုင်ငံတကာအဆင့်မီ ငါးပြတိုက်၊ ကန်သာယာစင်တာ၊ ပန်းခြံ၊ ရေပေါ်တံတားတွေ၊ လွတ်လပ်စွာ နားခိုအပန်းဖြေစရာ သစ်ပင်အုပ်အုပ် ဆိုင်းဆိုင်းတွေရှိနေတာကြောင့် နိုင်ငံတကာ အဆင့်မီ သဘာဝပတ်ဝန်းကျင် မပျက်အောင် ထိန်းသိမ်းနေတဲ့ အိုအေစစ်တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာမီကာလမှာ ပြီးစီးတော့မယ့် ရေအောက်ငါးပြတိုက်ဟာလည်း ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးမှုဂုဏ်ဒြပ်ကို ထပ်ဆင့်မြှင့်တင်ပေးဦးမယ့် ပုံရိပ် သစ်တစ်ခုဖြစ်လာဦးမှာ သေချာနေပါတယ်။
မြန်မာ့အလင်း