သက်ထက်ကို

တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ရန်ကုန်တိရစ္ဆာန်ရုံ ဥယျာဉ်ဝင်ပေါက်တွင် စည်ကားနေသည့် ဂိတ်ဝ၌ လက်မှတ်ဖြတ်သူများဖြင့် ပြည့်နေသကဲ့သို့ အဝင်လမ်း ထီးရောင်စုံလေးများအောက်မှ ဝင်လာကြသူများကိုလည်း တွေ့ မြင်နိုင်မည်ဖြစ်ပေသည်။

ယနေ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးကို ၁၉၀၆ ခုနှစ်က စတင်ပြီး ဗစ်တိုးရီးယားပန်းခြံအမည်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၇ ဒသမ ၇၅၂ ဧက ကျယ်ဝန်းပြီး အရိပ်အာဝါသ အလွန်ကောင်းသော နယ်မြေတစ်ခုဖြစ်သည်။

နို့တိုက်သတ္တဝါ၊ ကျေးငှက်သာရကာ၊ တွားသွားအကောင်မျိုးစုံကို ထိန်းသိမ်းပြသထားရာ သဘာဝဥယျာဉ်ကြီး တစ်ခုဖြစ်သည်။ အတွင်းပိုင်း၌ သဘာဝပြတိုက်ကြီးတစ်ခုရှိသည်။ ပြတိုက်ကြီးအတွင်း၌ ပြတိုက်ပြခန်းတစ်ခုအဖြစ် ဆင်ပြတိုက်အသစ်ကို ၂၀၁၉ ခုနှစ်၊ မတ် ၃ ရက်က ဖွင့်လှစ်ခဲ့သည်။ သနားညှာတာစိတ် ခေါင်းပါးသူတို့၏ လက်ချက်ဖြင့် ရက်စက်စွာ ဆင်များ သတ်ဖြတ်ခံနေရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေးသည့်အနေဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြတိုက်အတွင်းသို့ ရောက်ရှိသည့်အခါ မိသားစုအချို့နှင့် လူငယ်သူငယ်ချင်းတစ်သိုက်တို့က စိတ်ဝင်တစား လေ့လာကြည့်ရှုနေကြသည်ကို တွေ့ရသည်။

 

ele 4 mal 3.4

 

ဆင်ပြတိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြခန်းတစ်နေရာ၌ ဤသို့ ရေးထိုးမှတ်တမ်းပြုထား ခြင်းကို စတင်လေ့လာခဲ့ရသည်။ “ဆင်ပြတိုက် ဖွင့်လှစ်ပြသရခြင်း၏ ရည်ရွယ်ချက်များမှာ သဘာဝ သစ်တောနယ်မြေများအတွင်း ကျက်စားနေကြသည့် တောဆင်ရိုင်းများအား ထိန်းသိမ်း ကာကွယ်နိုင်ရန်၊ ဆင်နှင့် လူပဋိပက္ခဖြစ်ပွားမှုများကို လျော့နည်းလာစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းတွင် ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင် ရွက်လာနိုင်စေရန်၊ အိမ်မွေးဆင်များကို ထိန်းသိမ်း စီမံအုပ်ချုပ်နေမှုများအား ပိုမိုသိရှိလာစေရန်နှင့် ဆင်တို့၏ မူလသဘာဝ အလေ့အထနှင့် လူသားတို့နှင့် ဆင်တို့အကြား ဆက်နွှယ်နေမှုများကို သိရှိရန်တို့ ဖြစ်သည်” ဟု ဆင်ပြတိုက်၏ မိတ်ဆက် စကားအဖြစ် ဆိုထားသည်ကို လေ့လာတွေ့ရှိရ သည်။

ဆင်သည် ကုန်းနေ နို့တိုက်သတ္တဝါအပေါင်းတို့တွင် ကိုယ်ထည်အကြီးမားဆုံးနှင့် အင်အား အကြီးဆုံးလည်းဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် အာရှ ဆင်နှင့် အာဖရိက ဆင်နှစ်မျိုးသာလျှင် ရှိသည်ဟု မှတ်သားရသည်။ မြန်မာနိုင်ငံတွင်ရှိသော ဆင်အမျိုးအစားမှာ အာရှဆင်မျိုးဖြစ်သည်။ လူနှင့် နီးစပ်ပြီးလူတို့ သင်ကြားပေး၍ရသော သတ္တဝါမျိုး ဖြစ်သည်။ အုပ်စုဖွဲ့နေထိုင်သွားလာလေ့ ရှိကြသည်။

ပြတိုက်ဖွင့်လှစ်စဉ်က သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ဆင်နဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုအစဉ်အလာများစွာ၊ သမိုင်းကြောင်း အစဉ်အလာများစွာ ရှိခဲ့သော်လည်း ဆင်နဲ့ပတ်သက်ပြီး ခင်းကျင်းပြသထားတာ မရှိသေးတဲ့အတွက် အခုလို ဆင်ပြတိုက်အဖြစ် အများပြည်သူတွေ လေ့လာနိုင်ဖို့ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ နောက် တောဆင်ရိုင်းတွေ မကြာ ဏသတ်ဖြတ်ခံနေရပြီး တစ်နေ့တခြား လျော့ပါး လာပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်လာ ပြီဖြစ်တဲ့အတွက် အသိပညာပေးဖို့ အခုလို ဆင်ပြ တိုက်ကို ဖွင့်လှစ်ရတာပါ” ဟု ဆိုထားသည်။

ပြတိုက်အတွင်းအဝင်ဝ၌ တောဆင်ရိုင်းကြီးများ သဘာဝအလျောက် သွားလာကျက်စားနေပုံကို ပြသထားသည်။ အတွင်းနံရံထက်၌ နိဗ္ဗာန ပစ္စယာ နာဂ ရာဇာ ဆဒ္ဒန်ဆင်ဖြူတော်၏ အကြောင်းကို ရေးထိုးထားပြီး ဆင်ဖြူတော်၏ အစွယ်နှစ်ချောင်း ကို ခမ်းခမ်းနားနားပြသထားသည်။

နိဗ္ဗာန ပစ္စယာ နာဂ ရာဇာ ဆဒ္ဒန်ဆင်မင်းသည် မြန်မာဘုရင်မင်းဆက်တစ်ခုဖြစ်သော ဘကြီးတော်၊ ရွှေဘိုမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းအထိ နှစ်ပေါင်း ၅၀ တိုင် သက်ရှည်ခဲ့သည်။ ဆင်တော်သေဆုံးပြီး နောက် အစွယ်ကို ဖြတ်ယူထားပြီး ခန္ဒာကိုယ်ကို မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရ သည်။

လူများနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပြီး လူတို့ ပြောစကားကို နားလည်နိုင်စွမ်းရှိသည့်အပြင် လူတို့၏ အလိုဆန္ဒများကိုသိရှိကာ လူတို့စားသည့် အစားအစာများကို ရွှေခွက်ဖြင့်သာ ကျွေးရခြင်းကို ရရှိတော်မူခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရတနာ ဆင်ဖြူတော်ကိုးစီး၏ ဝိသေသကြန်အင် လက္ခဏာ များကိုလည်း ဖော်ပြထားသည်ကို ဖတ်ရှုလေ့လာ ခဲ့ရသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး နောက် သစ်ထုတ်လုပ်ရေးတွင် သစ်များဆွဲရန် အတွက် ဆင်များကို အသုံးပြုလာခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ်မှအစပြုကာ သစ်လုံး တိုက်ထုတ်လုပ်ခြင်းမှ ရပ်ဆိုင်းသွားသည့်အခါမှ ဆင်လုပ်သားများ၏ဘဝမှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြ သည်။ နောက်ပိုင်း ဆင်များကို ဆင်စခန်းဖွင့်၍ ပြသမှုများ၊ ဘုရားဖူးခရီးသည်များ ပို့ဆောင်ရေး တွင် အသုံးပြုလာခဲ့သည်။

ဆင်ပြတိုက်ခန်းမအလယ်ကောင်နှင့် ဆင်အရိုးစုများကို စုစည်းချိတ်ဆက်၍ ဆင်တစ်ကောင် ၏ အရိုးစုရုပ်လုံးကို ပြသထားသည်။ ထိုအရိုးစု ဆင်၏အမည်မှာ “မိုးခမ်းမု” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ အသက် ၅၀ အရွယ်တွင် သေဆုံးခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။

 

ele 4 mal 3.4

 

ပြခန်းအတွင်း၌ အာရှဆင်များ၏ ပျံ့နှံ့ကျက်စားရာဒေသများ၊ အုပ်စုအလိုက် သွားလာနေထိုင်ပုံ၊ ဆင်ခြေရာနှင့် လူခြေရာ နှိုင်းယှဉ်ချက်၊ ဆင်တို့၏ အမူအကျင့်၊ ပေါက်ဖွားချိန်မှ သေဆုံးချိန်အထိ အဆင့်ဆင့်ပြောင်းလဲပုံ မြန်မာဘုရင်များလက်ထက်က ဆင်များ၏ စွမ်းရည်အဖုံဖုံတို့ကို ပြကွက်များဖြင့် အသီးသီး ဖော်ပြထားသည်။

ဆင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ပြစ်မှုပြစ်ဒဏ်များ၊ ဆင်စွယ် ဆင်အရိုးတို့ဖြင့် ပြုလုပ်ထားသော မြန်မာမှုလက်ရာပစ္စည်းများ အသုံးပြုအပ်၊ မပြုအပ်၊ ပြုလုပ်သင့်၊ မပြုလုပ်သင့်သည်များကို အသိပညာ ပေးထားသည့် ပြကွက်အစုံစုံကို လေ့လာနိုင်ကြမည် ဖြစ်သည်။

ထို့အပြင် ဆင်နှင့်ပတ်သက်သော စာအုပ်စင် မှ စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ကြသည့်အပြင် အသိပညာပေးဖြေဆိုရန် မေးခွန်းစာရွက်များ၊ သစ်တောအမှုထမ်းဝတ်စုံ၊ ဆင်ဦးစီးဝတ်စုံတို့ဖြင့် အမှတ်တရ ဓာတ်ပုံရိုက်နိုင်ကြမည် ဖြစ်သည်။ ပြန်ထွက်ပေါက်၌ ဆင်နှင့်ပတ်သက်သော အမှတ်တရ လက်ဆောင်ပစ္စည်းလေးများကို အိမ်အပြန် ဝယ်ယူနိုင်ရန် စနစ်တကျ စီစဉ်ထားမှုများကို တွေ့ရသည်ဖြစ်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်းရှိ ဆင်ပြတိုက်သို့ တစ်ခါတစ်ခေါက် အရောက်သွားလေ့လာနိုင်ရန် ဖော်ပြလိုက်ရပါသည်။

မြန်မာ့အလင်း

 

ele 4 mal 3.4