ဖူးပြည့်၊ ဓာတ်ပုံ - အာကာစိုး
ရန်ကုန်မြို့နေ ပြည်သူအများစုသည် မြို့တွင်းတစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ယူထိန်းသိမ်းနေသော ဝိုင်ဘီအက်စ်ယာဉ်ကြီးများကို နေ့စဉ်အသုံးပြုသွားလာနေကြရသည်။ ယခင်အသုံးပြုခဲ့သော ယာဉ်အိုယာဉ်ဟောင်းများနေရာတွင် ခေတ်မီမော်တော်ယာဉ် အသစ်ကြီးများကို အသုံးချပြေးဆွဲနိုင်မှုကြောင့် ဝိုင်ဘီအက်စ်ယာဉ်တို့သည် ရန်ကုန်သူ ရန်ကုန်သားတို့ သွားလာရေးအတွက် ကောင်းမွန်သော အထောက်အပံ့ကို ဖြစ်စေခဲ့သည်။ ထိုသို့အစားထိုးပြေးဆွဲခဲ့သော ယာဉ်သစ်ကြီးများ၏ ငြိမ့်ညောင်းမှု၊ သက်သောင့်သက်သာရှိမှုတို့ကြောင့် လိုရာခရီးသို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြင့် ရန်ကုန်သားတို့ ခရီးဆက်နိုင်ခဲ့ပြီဖြစ်သည်။
သို့တစေ အမြဲလိုလို ပိတ်ဆို့နေသော ယာဉ်ကြောကျပ်တည်းမှုကို နေရာအနှံ့ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ မော်တော်ယာဉ်မောင်းများ စည်းကမ်းမဲ့မှုကြောင့်လည်းကောင်း၊ လမ်းဖြတ်ကူးသူများကြောင့် လည်းကောင်း၊ လမ်းဘေးဈေးသည်များကြောင့် လည်းကောင်း ယာဉ်ကြောပိတ်ဆို့မှုမှာ ရန်ကုန်အနှံ့ဖြစ်ပေါ်နေဆဲဖြစ်သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများပေါ်တွင် ဆိုင်ခင်းရောင်းချသော မော်တော်ယာဉ်ဆိုင်ငယ်များမှာ လူဦးရေ ထူထပ်သောနေရာများကို အဓိကပစ်မှတ်ထား၍ ရောင်းချလာကြသည်။ ဤသည်မှာ ယာဉ်ကြော ပိတ်ဆို့ရသော အကြောင်းအရင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ မော်တော်ယာဉ် သုံးစီးခန့် ရင်ပေါင်တန်း မောင်းနှင်ရမည့်နေရာတွင် ဆိုင်ခင်းရောင်းချနေသော မော်တော်ယာဉ် ဆိုင်ငယ်များကြောင့် ယာဉ်နှစ်စီးသာ မတိုက်မိရုံတစ်မည် ရှောင်တိမ်းမောင်းနှင်နိုင်တော့သည်။
ကနဦးရှေ့ပြေးစီမံချက်များ လုပ်ဆောင်
ဤသို့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီကိုရယူကာ ယာဉ်ကြော ပိတ်ဆို့သည့် အဓိကကျသောနေရာများကို သုတေသနပြုမှုများ ဆောင်ရွက်ခဲ့သည်။ မြို့တော် ရန်ကုန်ရှိ အဓိက ယာဉ်ကြောပိတ်ဆို့လေ့ရှိသော နေရာများတွင် ကနဦးရှေ့ပြေးစီမံချက်များ စတင်လုပ်ဆောင်သည်။ စီမံချက်စတင်မည့်နေ့ရက် မတိုင်မီ ယာဉ်လိုင်းအလိုက် မှတ်တိုင်များခွဲခြားခြင်း၊ ယာဉ်လိုင်းအလိုက် ရပ်တန့်ရမည့် မျဉ်းအမှတ်အသားများ ရေးဆွဲခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်သည်။
စီမံချက်များ အကောင်အထည်ဖော်
အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှုကို အဆင့်မြှင့်တင်သည့် ကနဦးစီမံချက်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ လမ်းမပေါ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ဒုတိယမြောက်စီမံချက်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မြို့တော်ခန်းမအနီး ဆူးလေ ကားမှတ်တိုင်တွင် ပြုလုပ်ခဲ့ကာ တတိယမြောက် စီမံချက်ကို ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ကမ္ဘာအေးဘုရားကားမှတ်တိုင်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ စတင်ခဲ့သည်။ စတုတ္ထမြောက်စီမံချက် ကို သင်္ဃန်းကျွန်းစံပြဈေးမှတ်တိုင်တွင် မတ် ၂၆ ရက်တွင် စတင်ခဲ့သည်။
ခရီးသွားပြည်သူများအား ကူညီလမ်းညွှန်
ရန်ကုန်မြို့တွင်း ယာဉ်များ ချောမွေ့စွာ သွားလာနိုင်ရန်နှင့် ပြည်သူများ ဘေးကင်းမှုရှိစေရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါစီမံချက်များအရ ခရီးသွားပြည်သူများအနေဖြင့် မိမိစီးနင်းမည့် ဘတ်စ်ကားလိုင်းကို အတည်ပြုပြီး သတ်မှတ်နေရာတွင် စောင့်ဆိုင်းစီးနင်းရမည်ဖြစ်သည်။ လမ်းဖြတ်ကူးရာ၌ လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားကိုအသုံးပြုကာ ဘတ်စ်ကား မှတ်တိုင်နေရာတွင်သာ ခရီးသည်များ အတက်အဆင်းပြုလုပ်ရန်အတွက် သတ်မှတ်ထားသည်။ ယင်းဧရိယာအတွင်း ခရီးသည်တင်ယာဉ်ကြီးများမှအပ ကျန်ယာဉ်များ ဝင်ရောက်ရပ်နားခြင်းကို ကန့်သတ်ထားသည်။ အဆိုပါစနစ်ကို အကောင်အထည်ဖော်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ JICA အဖွဲ့နှင့် သက်ဆိုင်ရာယာဉ်လိုင်းများမှ တာဝန်ရှိကြီးကြပ်သူ များပါဝင်သောအဖွဲ့များက ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား ကူညီလမ်းညွှန်မှုပြုပေး ကြသည်။
ယာဉ်ကြီးများ ရပ်တန့်ရန်နေရာမရှိ
မြို့တော်ရန်ကုန်၏ ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုကို ဖြေရှင်းရန်မှာ ဤမျှလောက်နှင့် မလုံလောက်ပေ။ အကြောင်းရင်းမှာ အထက်ပါ ကော်မတီများ၊ အဖွဲ့များတွင် လုပ်ပိုင်ခွင့်မှာ အကန့်အသတ် အတွင်း၌သာရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပြင် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဝန်ထမ်းများကပါ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ကနဦးစီမံချက် အစပျိုးရာနေရာများ၌ပင်လျှင် ဘတ်စ်ကား မှတ်တိုင်များအတွင်း၌ အိမ်စီးနှင့် အငှားယာဉ်များ ဝင်ရောက်ရပ်တန့်မှုကို မြင်တွေ့နေရသည်။ ဝိုင်ဘီအက်စ်ယာဉ်ကြီးများ ဝင်ရောက်ရပ်တန့်ရန် နေရာမရှိ ဖြစ်ရသည်။
ဌာနဆိုင်ရာနှင့် ရပ်မိရပ်ဖများ ပူးပေါင်း
ဝိုင်ဘီအက်စ်ယာဉ်ကြီးများကလည်း ရံဖန်ရံခါ အပြိုင်အဆိုင် မောင်းနှင်ဆဲရှိသောကြောင့် ဆူးလေမှတ်တိုင်ကဲ့သို့ သတ်မှတ်နေရာ ဝင်ရောက်ရပ်တန့်ရာတွင် နှစ်စီး၊ သုံးစီး ထပ်နေလေ့ရှိသည်။ စီမံချက်နေရာမဟုတ်သော အင်းစိန်လမ်း လှည်းတန်းမီးပွိုင့်အနီးတွင်လည်း ဈေးရောင်းကားများနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ၊ ကားလမ်းဈေးသည်များကြောင့် အမြဲတစေ ယာဉ်ကြောပိတ်ဆို့နေတတ်သည်။ ဤပြဿနာများ ကို ဖြေရှင်းရာတွင် ဌာနဆိုင်ရာနှင့် ရပ်မိရပ်ဖများ ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သင့်ပေသည်။
ယာဉ်ကြောပိတ်ဆို့မှုသက်သာမည့် နည်းလမ်းများ
အချုပ်အားဖြင့်တင်ပြရသော် ယာဉ်ကြော ပိတ်ဆို့မှုပြဿနာများကို ဖြေရှင်းရန်မှာ ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်များတွင် အဆင့်မြင့် ကားပါကင်များတည်ဆောက်ခြင်း၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများမရှိစေခြင်း၊ ကားလမ်းမများပေါ်တွင် သွားလာနေသော မော်တော်ယာဉ်မှအပ အခြားယာဉ်နှင့် ဈေးရောင်းဈေးဝယ်များ မရှိစေခြင်းတို့က ယာဉ်ကြောပိတ်ဆို့မှုကို သက်သာအောင်ပြုလုပ်နိုင်မည့် နည်းလမ်းများပင်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။
မြန်မာ့အလင်း