ရီယတ် ၂ ဧပြီ
ဆော်ဒီအာရေဗျ သတင်းစာဆရာ ဂျက်မား ခါရှော့ဂီ၏ သားသမီးများအား ဒေါ်လာသန်းနှင့်ချီတန်သော အိမ်ရာများအပါအဝင် လစဉ် ဒေါ်လာသောင်းနှင့်ချီကာ ဆော်ဒီအစိုးရက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယနေ့ အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
ဆော်ဒီအစိုးရအား ဝေဖန်စာများရေးသားသော ဝါရှင်တန်ပို့စ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ခါရှော့ဂီသည် လွန်ခဲ့သော အောက်တိုဘာလတွင် အင်စတန်ဘူမြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
သတင်းစာဆရာ ခါရှော့ဂီ၏ သားသမီး လေးယောက်တို့အား ယခုကဲ့သို့ ဆော်ဒီအစိုးရက ငွေကြေးထောက်ပံ့မှုများလုပ်ဆောင်ခြင်းသည် ခါရှော့ဂီ၏မိသားစုဝင်များအနေဖြင့် သည်းခံစိတ် ပိုမိုထားရှိနိုင်စေရန် ကြိုးပမ်းခြင်းတစ်ရပ်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
ခါရှော့ဂီ၏ သားသမီးများအား ပေးအပ်ခဲ့သည့်အိမ်များသည် ဂျက်ဒက်ချ် ဆိပ်ကမ်းမြို့တွင် တည်ရှိပြီး အမေရိကန်ဒေါ်လာ ၄ သန်းခန့် တန်ဖိုးရှိသည်ဟု အဆိုပါ သတင်းစာက ဆိုသည်။
သတင်းစာဆရာ ခါရှော့ဂီ၏ အကြီးဆုံးသား ဆာလက်ချ်ခါရှော့ဂီက ၎င်းတို့အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံတွင်သာ ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြ ထားသည်။
ခါရှော့ဂီ၏ သားသမီးများသည် ဒေါ်လာ တစ်သောင်းနှင့်အထက်ကို လစဉ် ထောက်ပံ့ကြေးငွေအဖြစ် ရရှိမည်ဖြစ်သည်။
သတင်းစာဆရာ ခါရှော့ဂီသေဆုံးခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီအာရေဗျမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်အား စွပ်စွဲပြစ်တင်မှုများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ လုပ်ကြံသတ်ဖြတ်မှုတွင် ဆော်ဒီမင်းသားအနေဖြင့် ပါဝင်ပတ်သက်မှုမရှိပါကြောင်း ဆော်ဒီအစိုးရအဖွဲ့က အခိုင်အမာ ပြောကြားခဲ့သည်။
ခါရှော့ဂီသေဆုံးမှုအပေါ် သင်္ကာမကင်းဖြစ်သူ ၁၁ ဦးအား သူ၏အစိုးရရှေ့နေက စွဲချက်တင်ထားကြောင်း သိရသည်။
အေအက်ဖ်ပီ