မြန်မာနိုင်ငံ သတင်းစာဆရာများကော်မတီက ကြီးမှူးစီစဉ်၍ ဧပြီ ၅ ရက်တွင် ကျင်းပပြုလုပ်မည့် အနုပညာရှင်များအတွက် ပရိသတ်များက People Choice ဆုရွေးချယ်ပေးသော Star Award ဆုပေးပွဲမှ နုတ်ထွက်လိုက်ခြင်းမှာ ပရိသတ်များ မနစ်နာစေလို၍ဖြစ်ကြောင်း အကယ်ဒမီ သက်မွန်မြင့်က ပြောကြားသည်။
“ကိုယ်တွေကို အားပေးဝန်းရံဖို့အတွက် ရုပ်ရှင်ကြည့်ဖို့ သွားလာရတဲ့စရိတ်အတွက် ပိုက်ဆံကုန်တယ်၊ အဲဒါကိုမှ အခုလို ပြိုင်ပွဲအတွက် ပိုက်ဆံတွေအများကြီး ကုန်ရဦးမယ့် အနေအထားပေါ့၊ ပိုက်ဆံနဲ့ ယှဉ်ပြိုင်ရတာကိုလည်း မကြိုက်ဘူး၊ အကုန်လုံးကလည်း ကိုယ့်အနုပညာမောင်နှမတွေချည်းပဲဆိုတော့ နုတ်ထွက်လိုက်တာ ပိုပြီးကောင်းတယ်ပေါ့နော်” ဟု သက်မွန်မြင့်က ပြောသည်။
ဆုရွေးချယ်ရာတွင် ဖေ့စ်ဘုတ်မှတစ်ဆင့် vote ပေးသည့်စနစ်မဟုတ်ဘဲ ဖုန်း မက်ဆေ့ချ်မှတစ်ဆင့် Voting ပေးသည့်စနစ်ကြောင့် ပရိသတ်များ ငွေကုန်များမည်စိုး၍ နုတ်ထွက်ခြင်းဖြစ်ကြောင်းလည်း သက်မွန်မြင့်က ဆိုသည်။
“ဒီကိစ္စကိုလည်း သက်မွန်က မသိဘူးလေ၊ Vote တွေနဲ့ဆိုတော့ ဖေ့စ်ဘုတ် Vote ဆိုရင် အခုခေတ်မှာက ဖေ့စ်ဘုတ်က လူတိုင်းသုံးတယ်၊ နောက်ပြီး အင်တာနက်ဖိုးကလည်း ဘယ်လောက်မှမကုန်ဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြတယ်၊ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အင်အားဘယ်လောက်တောင့်ကြောင်း၊ သူတို့ဘယ်လောက်ချစ်ကြောင်း ပြနိုင်တယ်၊ နိုင်သွားရင် သူတို့ ပီတိဖြစ်တယ်၊ ကိုယ့်အနေနဲ့ကျတော့လည်း ကိုယ့်ကိုဝန်းရံအားပေးတယ်ဆိုတော့ အားဖြစ်စေတယ်၊ အခုကျတော့ ပိုက်ဆံကိစ္စတွေ ပါလာပြီဆိုတော့ သူတို့တွေ ပိုက်ဆံကုန်မယ့်ကိစ္စတော့ မဖြစ်စေချင်ဘူး၊ အဲဒါက အဓိကပါ၊ ကျန်တာတော့ ဘာပြဿနာမှ မရှိပါဘူး၊ People Choice မှာ ပိုက်ဆံကိစ္စ ပါလာတာကြောင့် အဓိက နုတ်ထွက်တာပေါ့နော်၊ အခုလို အနုပညာရှင်တွေအတွက် ပိုက်ဆံနဲ့ vote ရတာတွေပါလာလို့ နည်းနည်း ခံစားချက်လေးတွေ ပြောင်းသွားတာပါ၊ တစ်ယောက်ကို တစ်ခါ vote ဆို တော်သေးတယ်၊ အခုက အကန့်အသတ်မရှိဆိုတော့ ကိုယ့်ရဲ့ fan တွေက ဘယ်လိုပဲဖြစ်ဖြစ် ရစေချင်တဲ့စိတ်နဲ့ သူတို့တွေ ဝန်းရံကြမယ်၊ ကိုယ်ချစ်တဲ့သူတွေကို ရစေချင်တဲ့စိတ်နဲ့ လုပ်ကြမယ်ဆိုရင် ပိုက်ဆံတွေကုန်ကြမယ်၊ ကိုယ့်ကိုချစ်တဲ့သူတွေထဲမှာက များသောအားဖြင့် ကျောင်းသားလေးတွေ များတယ်၊ ကလေးတွေရှိတယ်၊ မိဘဆီက ပိုက်ဆံလက်ဖြန့်ပြီး တောင်းရတဲ့သူတွေရှိတယ် ဆိုတော့ သူတို့ရသမျှ မုန့်ဖိုးတွေစုပြီး လုပ်မှာကိုလည်း မဖြစ်စေချင်ဘူး၊ မနစ်နာ စေချင်ဘူး” ဟု သက်မွန်မြင့်က ဆိုသည်။ သက်မွန်မြင့်အနေဖြင့် Star Award ဆုပေးမည့်နေ့တွင် နယ်သို့ ကားရိုက်သွားရန်ရှိသဖြင့် ပွဲတက်ရန် မမီနိုင်သောကြောင့် မတက်ဖြစ်ကြောင်းလည်း သိရသည်။
ကိုလင်း