၂၀၁၇ ခုနှစ်တည်းက စတင်ရိုက်ကူးထားသည့် “ပိုက်ဆံ”ရုပ်ရှင်ဇာတ်ကားကို ဗီဒီယိုဇာတ်ကားအဖြစ် မြင်ခွင့်ရမည်ဖြစ်ပြီး Sky Net Pay Per View  မှတစ်ဆင့် ပြသသွားမည်ဟု သိရသည်။

အဆိုပါ ပိုက်ဆံ ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီကျော်သူ၊ အောင်ရဲလင်း၊ မို့မို့မြင့်အောင်နှင့် သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ Myanmar Media 7  မှ ထုတ်လုပ်ရိုက်ကူးထားပြီး ဇာတ်လမ်းအကြောင်းအရာမှာ လမ်းဘေးတွင် ခိုင်းစားခံနေကြရသည့် ကလေးငယ်များ၏ဘဝကို ရိုက်ကူးပြသထား ခြင်း ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က “ပိုက်ဆံဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေရော၊ အဖွဲ့သားတွေပါ အကုန်လုံးက အများကြီးကြိုးစားပြီးတော့မှ အခုလို ရုံမတင်ဖြစ်တော့တဲ့အတွက် စိတ်မကောင်းဖြစ်ပါတယ်၊ ဦးကျော်သူအတွက်လည်း နစ်နာမှုရှိမယ်လို့ ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဦးကျော်သူက သူ့အနုပညာ အလုပ်တွေ နားထားပြီးတော့ ပြန်ရိုက်တဲ့အချိန်မှာ ဒီဇာတ်ကားက ပထမဆုံး ပြန်ရိုက် တဲ့ဇာတ်ကားဖြစ်တာကြောင့် အခုလို ရုံမတင်ဖြစ်တော့ နစ်နာမယ်လို့ထင်ပါတယ်၊ သင်ဇာစိတ်မကောင်းပါဘူး” ဟု ပြောသည်။

ဇာတ်ကားရိုက်ကူးစဉ်က အခက်အခဲများနှင့်ပတ်သက်၍လည်း “အဲဒီဇာတ်ကား ရိုက်တုန်းက အလွန်ကို ပင်ပန်းပါတယ်၊ သင်ဇာတောင် ဝမ်းလျှောပြီး ရိုက်ကွင်းနားပြီးတော့ ဆေးကုလိုက်ရပါတယ်၊ ကိုယ်တွေတည်းရတဲ့နေရာနဲ့ သွားရိုက်ရတဲ့ရိုက်ကွင်း နေရာနဲ့က အတော်ကိုဝေးတယ်၊ တစ်နေကုန် မိတ်ကပ်အမည်းတွေလိမ်းပြီးတော့ ဖုန်တွေသဲတွေထဲမှာ သရုပ်ဆောင်ရတယ်၊ ညပြန်ရောက်တော့ ရေတောင်မချိုးနိုင်ဘူး၊ အရမ်းပင်ပန်းပြီး အိပ်ပျော်သွားတယ်၊ အရမ်းပင်ပန်းတဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်” ဟု သင်ဇာဝင့်ကျော်က ဆက်ပြောသည်။

ရုံတင်ပြသခွင့်မရခြင်းနှင့်ပတ်သက်၍လည်း “ကိုယ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးကို အားစိုက်ပြီးတော့ ကြိုးစားခဲ့တယ်၊ သင်ဇာက ဘယ်အလုပ်ပဲလုပ်လုပ် အကောင်းဆုံး ကြိုးစားပြီးတော့ လုပ်ပါတယ်၊ ဇာတ်ကားတွေလည်း သင်ဇာအများ ကြီးရိုက်တယ်၊ ဒါပေမယ့် တချို့ဇာတ်ကားတွေက ထွက်မလာခဲ့ပါဘူး၊ ဒါကလည်း ကိုယ့်ကံလို့ပဲ ပြောလို့ရပါတယ်၊ ကိုယ်ကြိုးစားသလောက် အရာမထင်တဲ့အတွက် ပရိသတ်တွေအစား ဝမ်းနည်းမိတယ်၊ ဒါပေမဲ့လည်း အားမလျှော့ပါဘူး၊ ထပ်ပြီးတော့ ကြိုးစားသွားမှာပါ”ဟု သင်ဇာဝင့်ကျော်က ဆက်လက်ပြောဆိုခဲ့သည်။

ကိုလင်း