မိုနိုပိုလီ၊ ပစ်တိုင်းထောင်စသည့် တေးစီးရီးခွေများ ထွက်ရှိခဲ့ပြီး လူငယ်ထုကြား အောင်မြင်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံထားရသည့် အမျိုးသမီးအဆိုရှင် မိစန္ဒိက ယခင်အခွေများနှင့် ပုံစံမတူသည့် ဂီတဖန်တီးမှုအသစ်များနှင့်အတူ အသည်းကွဲ သီချင်းသစ်များ ပါဝင်သည့် စီးရီးသစ်တစ်ခွေ ထွက်ရှိနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
“၂၀၁၉ မှာ မိစန္ဒိ ရဲ့ ဂီတပုံစံအသစ်တွေကို ပရိသတ်ကို မိတ်ဆက်မှာပါ၊ တေးစီးရီး မလုပ်တာလည်း နည်းနည်းဝေးနေတော့ ပရိသတ်အကြိုက်တွေ့ပြီး ထိရောက်မယ့် ပုံစံလေးတွေ လုပ်ထားပါတယ်၊ အဓိကကတော့ အခုထွက်မယ့်အခွေမှာ ညီမရဲ့ ဖြတ်သန်းခဲ့တဲ့ ဂီတသမားဘဝ ပုံစံလေးတွေကို မြင်ရမှာပါ၊ ဒီအခွေက ညီမရဲ့ စတုတ္ထမြောက် အခွေလေးပါ၊ သီချင်းအားလုံး တစ်ယောက်တည်း ရေးထားပါတယ်၊ ဒီအခွေမှာ တခြားအခွေနဲ့ မတူတာက တစ်ခွေလုံး ဟစ်ဟော့ပုံစံလေးတွေချည်းပဲ လုပ်ထားတာပါ၊ တကယ်လို့ ညီမ မကြိုက်တဲ့ပုံစံမျိုးတွေရှိလာရင်တော့ တခြားတေးရေး ဆရာတွေရဲ့ သီချင်းလေးတွေလည်း လိုရင် ထပ်ဖြည့်မှာပါ ။ အသည်းကွဲပုံစံသီချင်း ကတော့ လောလောဆယ် သုံးပုဒ်လောက် ထည့်ထားတယ်၊ အရင်ကတော့ သီချင်း တစ်ခွေမှာ ၁၄ ပုဒ်သုံးတယ်၊ ဒီတစ်ခါတော့ ၈ ပုဒ် နဲ့ ၁၀ ပုဒ်လောက်ပဲ သုံးတော့မယ်လို့ စဉ်းစားထားပါတယ်၊ သီချင်းခေါင်းစဉ်ကိုတော့ အသည်းကွဲသီချင်းနာမည်မျိုး မပေးပါဘူး” ဟု မိစန္ဒိ ကဆိုသည်။
ယနေ့ပရိသတ်သည် အရာရာ လေ့လာစူးစမ်းမှု ပိုမိုအားကောင်းသည့်အတွက် ဂီတဖန်တီးသူများအနေဖြင့် ပရိသတ်ကို ညာ၍မရနိုင်ကြောင်းနှင့် မိစန္ဒိအနေဖြင့်လည်း ပရိသတ်ကို မည့်သည့်အခါမှ ညာပြီး တေးသီချင်းများ သီဆိုထုတ်လုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“ပရိသတ်က အင်္ဂလိပ်သီချင်းတွေကအစ အားလုံး ကိုယ့်ထက်တောင် လေ့လာကြတာ တွေ့ရတယ်၊ အဲဒီတော့ အဆိုတော်တွေကလည်း ဂီတကို ခိုကပ်ပြီး လုပ်လို့မရတော့ဘူး၊ ပြောရရင်တော့ လိမ်လို့မရဘူးပေါ့နော်၊ ညီမလည်း မညာခဲ့ဖူးဘူး၊ ပရိသတ်က သူ့တို့အကြိုက်နဲ့သူတို့ ရှိပြီးသားဆိုတော့ ကိုယ့်ဘက်ကပဲ သူတို့နဲ့ ထပ်တူကျမယ့် ပုံစံတွေကို သေချာရွေးပြီး ဖန်တီးရတာပါ၊ အထူးသဖြင့် လူငယ်တွေက ပိုပြီး သိပါတယ်၊ ဒီအခွေလေးက မိစန္ဒိ အတွက် စိန်ခေါ်မှုတစ်ခုဆိုလည်း မမှားပါဘူး၊ ဒီအခွေမှာ ညီမရဲ့ ဘဝနဲ့ ခံစားမှုကို အပွင့်လင်းဆုံး ဝန်ခံထားတဲ့သီချင်းတွေ ပါပါတယ်”ဟု မိစန္ဒိက ဆက်ပြောသည်။
ကိုလင်း