နေပြည်တော်  ၃  ဧပြီ

မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ကသာမြို့နယ်၊  ညောင်ခြေထောက်ကျေးရွာ၊ ညောင်ခြေထောက်-အင်းတော်သွားကားလမ်း ပြင်တော်ကွင်းချောင်း အနီးတွင် ကျန်ထွန်းလင်း (ခ)အောင်ချို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၁၄ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၅၄ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီက ကွန်ဟိန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် စိုင်းနာလိန် မောင်းနှင်ပြီး စိုင်းခမ်းဆာ လိုက်ပါလာသည့် MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

ထို့အတူ ည၇နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်ကာကယ်ကျေးရွာ၊ တောင်ကြီး- ပင်ပက်ကျေးရွာသွားကားလမ်း၊ ကမ္ဘောဇဘိလပ်မြေ စက်ရုံအနီး၌ မောင်ကံအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၆၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN