၄ ဧပြီ
ယနေ့အချိန်အခါတွင် ဆေးရုံ၊ ဆေးခန်းအရေအတွက်သည် တိုးတက်လျက်ရှိနေပါသည်။ ဆေးရုံ၊ ဆေးခန်း အရေအတွက် တိုးတက်လာမှုနှင့်အတူ ဆေးရုံ ၊ ဆေးခန်းများ၏ ဝန်ဆောင်မှုအရည်အသွေးသည်လည်း တိုးတက်လာရပါမည်။ သို့မှသာ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Quality Health Care) ရရှိမည်ဖြစ်ပါသည်။
ရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် ဆေးရုံ၊ ဆေးခန်းများတွင်ရှိသော ဓာတ်ခွဲခန်းများ၏ ဝန်ဆောင်မှုများသည်လည်း အရည်အသွေးပြည့်ဝရန် လိုအပ်ပါသည်။ သို့ဖြစ်၍ စာရေးသူအနေဖြင့် DC Joshi နှင့် Mamta Joshi တို့ရေးသားသော Hospital Administration (First Edition) ၂၀ဝ၉ စာအုပ်ထဲမှ Laboratory Services (ဓာတ်ခွဲခန်းဝန်ဆောင်မှုများအကြောင်း)ကို အများပြည်သူသိရှိနိုင်ရန် ဘာသာပြန်ရေးသားလိုက်ရသည်။
ဓာတ်ခွဲခန်းအမျိုးအစား
ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို ဆေးကုသရေးနှင့်ဆိုင်သော ဓာတ်ခွဲခန်းများ (Clinical Laboratories)နှင့် ပြည်သူ့ကျန်းမာရေးနှင့်ဆိုင်သော ဓာတ်ခွဲခန်းများ (Public Health Laboratories)ဟူ၍ အကြမ်းဖျင်းခွဲခြားနိုင်ပါသည်။ ထို့အပြင် ပြင်ပလူနာ ဌာနဓာတ်ခွဲခန်း၊ အတွင်းလူနာဌာနဓာတ်ခွဲခန်း၊ ပင်မဓာတ်ခွဲခန်းနှင့် အရေးပေါ် ဓာတ်ခွဲခန်းဟူ၍ အမျိုးအစား ထပ်မံခွဲခြားထားပါသည်။
ပြင်ပလူနာဌာန ဓာတ်ခွဲခန်းသည် ပြင်ပလူနာ ကြည့်ရှုသည့်နေ့နှင့် အချိန်တွင် စမ်းသပ်စစ်ဆေးပေးပါသည်။ အတွင်းလူနာဌာန ဓာတ်ခွဲခန်းသည် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအတွက်သက်ဆိုင်ရာ ကုသဆောင်များတွင် စမ်းသပ်စစ်ဆေးပေးသော ဓာတ်ခွဲခန်းဖြစ်ပါသည်။ ပင်မဓာတ်ခွဲခန်းသည် ကုသဆောင်များတွင် စမ်းသပ်စစ်ဆေး၍မရသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို စမ်းသပ်စစ်ဆေးပေးသော နေရာဖြစ်ပါသည်။ ပင်မဓာတ်ခွဲခန်းသည် ရောဂါဗေဒဌာန၊ အဏုဇီဝဗေဒဌာန (သို့မဟုတ်) ဇီဝဓာတုဗေဒဌာနတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိပါသည်။ အရေးပေါ်ဓာတ်ခွဲခန်းသည် ဆေးရုံတွင် အရေးပေါ် စစ်ဆေးနိုင်ရန်အတွက်ထားရှိသော ဓာတ်ခွဲခန်းဖြစ်ပါသည်။
အစိတ်အပိုင်းလေးခုပါဝင်
ဓာတ်ခွဲခန်းဟုဆိုရာတွင် အစိတ်အပိုင်း လေးခုပါဝင်ပါသည်။ ယင်းတို့မှာ သွေးရောဂါဗေဒ၊ ရုပ်သွင်ပြင်ဆိုင်ရာ ရောဂါဗေဒ၊ ဆေးကုသမှုဆိုင်ရာရောဂါဗေဒနှင့် အဏုဇီဝဗေဒဟူ၍ ဖြစ်ပါသည်။ သွေးရောဂါဗေဒတွင် သွေး၊ ရိုးတွင်းခြင်ဆီ၊ သွေးသွင်းကုသမှုဆိုင်ရာ လေ့လာစစ်ဆေးခြင်း၊ ရုပ်သွင်ပြင်ဆိုင်ရာ ရောဂါဗေဒတွင် သေဆုံးသူများကိုရင်ခွဲစစ်ဆေးခြင်း၊ ရောဂါဖြစ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှ အသားမျှင်များကို လေ့လာစစ်ဆေးခြင်း၊ ဆေးကုသမှုဆိုင်ရာ ရောဂါဗေဒတွင် သွေးတွင်းသကြား ဓာတ်၊ အဆီဓာတ်၊ အသားဓာတ်များကို လေ့လာစစ်ဆေးခြင်း၊ ဆီးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များကိုလေ့လာစစ်ဆေးခြင်း၊ ဟော်မုန်းများနှင့် အင်ဇိုင်း (Enzymes)များကို လေ့လာစစ်ဆေးခြင်း၊ အဏုဇီဝဗေဒတွင် ဘက်တီးရီးယားပိုး၊ မှိုပိုး၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုးများကို လေ့လာစစ်ဆေးခြင်း၊ ခန္ဓာကိုယ်ခုခံအားစနစ်ကို လေ့လာစစ်ဆေးခြင်း စသည်တို့ပါဝင်ပါသည်။ ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ ဝန်ဆောင်မှု ကောင်းရန်၊ အရည်အသွေးထိန်းထားနိုင်ရန်၊ ဆေးကုသပေးသော ဆရာဝန်များနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများအကြား ကောင်းမွန်သော ဆက်ဆံရေးရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လမ်းညွှန်ထားပါသည်။
ဓာတ်ခွဲခန်း အရည်အသွေး
ဓာတ်ခွဲခန်းများတွင် အရည်အသွေးအာမခံပေးသော အစီအစဉ် (Quality Assurance Program) များ ရှိရပါမည်။ သို့ဖြစ်၍ အရည်အသွေးထိန်းချုပ်ရေးမူဝါဒ (Quality Control Policy) ရှိရပါမည်။ ထို့အပြင် စံချိန်စံနှုန်းများနှင့် ပြည့်စုံသောဓာတ်ခွဲခန်းများ (Accre-dited Laboratories)လည်း ဖြစ်ရန်လိုအပ်ပါသည်။ စံချိန်စံနှုန်းများနှင့် ပြည့်စုံသော ဓာတ်ခွဲခန်းများဖြစ်ခြင်းဖြင့်ဓာတ်ခွဲခန်းအပေါ် လူနာများမှ ယုံကြည်မှုရရှိစေခြင်း၊ လူနာကျေနပ်မှုရရှိစေခြင်း၊ ဓာတ်ခွဲခန်း၏ အရည်အသွေး တိုးတက်ခြင်း၊ အချိန်နှင့် ငွေကြေးချွေတာရာရောက်ခြင်း၊ ပြည်တွင်း၊ ပြည်ပ လူနာများမှ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဖြစ်လာခြင်း စသော အကျိုးကျေးဇူးများရရှိပါမည်။
သို့ဖြစ်၍ ဓာတ်ခွဲခန်းဝန်ဆောင်မှုများ တိုးတက်စေရန်အတွက် အောက်ပါမူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရပါမည်-
(၁) ဓာတ်ခွဲခန်းတွင် စာဖြင့်ရေးသားထားသော မူဝါဒရှိရပါမည်။
(၂) ဓာတ်ခွဲခန်းတွင် စံလုပ်ငန်းစဉ်များ ရှိရပါမည်။
(၃) ဓာတ်ခွဲခန်း မှတ်တမ်းများနှင့်ပတ်သက်၍ တင်းကျပ်သော ထိန်းချုပ်မှုရှိရပါမည်။
(၄) ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦးချင်းအတွက်တင်းကျပ်သော မူဝါဒရှိရပါမည်။
(၅) ဓာတ်ခွဲခန်းဝန်ထမ်းများအတွက် ခေါင်းဆောင်မှု၊ စိတ်ဓာတ်တက်ကြွမှု၊ လုပ်ငန်းခွင်ပျော်ရွှင်မှုနှင့်ပတ်သက်သော သင်တန်းများအတွက် မူဝါဒချမှတ်ရပါမည်။
(၆) သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် ရှိရပါမည်။
(၇) ပြည်သူ့ကျန်းမာရေးပြဿနာများဖြစ်စေသော ရောဂါများနှင့်ပတ်သက်သည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို မှတ်တမ်းထားရှိခြင်း၊ သတင်းပို့ခြင်း ဆောင်ရွက်ရပါမည်။
(၈) ဓာတ်ခွဲခန်း မတော်တဆဖြစ်ပွားမှုများအတွက် ကာကွယ်ရန်မူဝါဒနှင့် လုပ်ငန်းစဉ်များ ထားရှိရပါမည်။
(၉) ဓာတ်ခွဲခန်းအ္တရာယ်များကို ကာကွယ်ရန်မူဝါဒရှိရပါမည်။
(၁၀) ဘေးအ္တရာယ်နှင့် ကပ်ရောဂါများဖြစ်ပွားရာတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရန် မူဝါဒထားရှိရမည်။
(၁၁) ဆေးရုံစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအတွက်လုပ်ငန်းစဉ် ရှိရပါမည်။
(၁၂) ဆေးရုံ၊ ဆေးခန်းမှတစ်ဆင့် ကူးစက်တက်သော ရောဂါပိုးများကို ကာကွယ်ရန်၊ ထိန်းချုပ်ရန်အစီအစဉ် ရှိရပါမည်။
(၁၃) ဓာတ်ခွဲခန်းလုပ်ငန်းများ၏ အရည်အသွေး အာမခံမှုနှင့်ပတ်သက်၍ မူဝါဒ ၊ လုပ်ငန်းစဉ်ရှိရပါမည်။
(၁၄) ဓာတ်ခွဲခန်းတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မူဝါဒ၊ လုပ်ငန်းစဉ် ရှိရပါမည်။
စံချိန်စံနှုန်းနှင့် ပြည့်စုံသော ဓာတ်ခွဲခန်းများ
ဓာတ်ခွဲခန်းများ၏ တည်နေရာသည် ဓာတ်ခွဲခန်း အမျိုးအစားအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ဆေးရုံများ တွင်ရှိသော ဓာတ်ခွဲခန်းများသည် ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ အတွင်းလူနာဌာနတို့နှင့် သွားလာရ လွယ်ကူသောနေရာတွင် ရှိရပါမည်။ ဓာတ်ခွဲခန်းဝန်ထမ်း အရေအတွက်သည်လည်း ဓာတ်ခွဲခန်းအမျိုးအစားအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ ထို့အပြင် ဓာတ်ခွဲခန်း၏ အဆောက်အအုံပုံစံသည် ဆေးရုံအဆင့်အပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ စာရေးသူတို့ နိုင်ငံတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေထားသော ဆေးရုံစီမံခန့်ခွဲမှုလက်စွဲစာအုပ်၌ ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ ဖော်ပြပါရှိပါသည်။ ဓာတ်ခွဲခန်း ဝန်ဆောင်မှုများသည် ဆေးကုသမှုလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများတွင် အထောက်အကူပြုသော ဝန်ဆောင်မှုများဖြစ်ပါသည်။ ကူးစက်တက်သော ရောဂါများနှင့် မကူးစက်တက်သော ရောဂါများအတွက် ဓာတ်ခွဲခန်းတွင်စမ်းသပ်စစ်ဆေးမှုများ၊ လုပ်ငန်းခွင် ဝင်ရောက်ရန်အတွက် စမ်းသပ်စစ်ဆေးမှုများ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ၊ မှုခင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ စသဖြင့် အကြောင်းအမျိုးမျိုးအတွက် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကြရပါသည်။ ထို့သို့ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲခန်း အဖြေများ တိကျမှန်ကန်စေရန်၊ နိုင်ငံတကာ ဓာတ်ခွဲခန်းများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် စံချိန်စံနှုန်းနှင့် ပြည့်စုံသော ဓာတ်ခွဲခန်းများဖြစ်စေရန် ရည်ရွယ်၍ ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအကြောင်း သိကောင်းစရာကို ဘာသာပြန် ရေးသားလိုက်ရပါသည်။ ။
ဒေါက်တာ ညွန့်ရွှေအောင် (ညောင်ဦး)