ကျောက်မြောင်း ၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့ ဆယ်ပင်ကျွန်းနှင့် မခေါက်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်း သဲသောင်ပြင်တွင် ဖွင့်လှစ်ထားသော ရွှေကျွန်းသာ အပန်းဖြေစခန်းတွင် ရွှေကျွန်းသာ ဧရာဝတီသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေကျွန်းသာ လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလွင်ထံမှ သိရသည်။
“ဒီအပန်းဖြေစခန်းကို ဖွင့်တာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်ကူပြုဖို့အတွက် ဖွင့်လှစ်တာပါ၊ ဒီစခန်းကရတဲ့ အကျိုးအမြတ်ရဲ့ (၁ဝ)ရာခိုင်နှုန်းကို ဆယ်ပင်ကျွန်းနဲ့ မခေါက်ရွာတို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ၊ ဧရာဝတီသင်္ကြန်ပွဲကိုလည်း အခုနှစ်မှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ဖို့ စီစဉ်နေတယ်၊ ဒီသင်္ကြန်ကို လာလည်ပတ်ခြင်းအားဖြင့် ဒီဒေသက ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီရာရောက်သလို ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ရွှေကျွန်းသာ လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလွင်က ပြောသည်။
ရွှေကျွန်းသာ အပန်းဖြေစခန်းကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ ရွှေဘို၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များမှ အများဆုံး လာရောက်လည်ပတ်ကြပြီး ၄င်းအပန်းဖြေစခန်းတွင် ငါးကင်နှင့် ခေါင်ရည်ကို သောက်သုံးနိုင်ပြီး ရေပေါ်စက်ဘီးများ စီးနင်းနိုင်ပြီး သောင်ပြင်ကမ်းစပ်တွင် ရေကစားနိုင်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


