မုံရွာ  ၄ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ အရာတော် မြို့နယ်များသို့ ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ ၂ဝ၁၉ ခုနှစ်အတွင်း ဝါးပင်များ စိုက်ပျိုးနိုင်ရန် မျှင်ဝါးဖြူ မျိုးစေ့များကို ဖြန့်ဝေပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။

 

“၂ဝ၁၈ ခုနှစ်အတွင်းမှာတော့ ဝါးပင်တွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ သစ်တောဦးစီးဌာန၊ ကျွန်တော်တို့ အသင်းနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီးတော့ စိုက်ခဲ့တယ်၊ ၂ဝ၁၉ ခုနှစ်အတွင်းမှာတော့ ဝါးပျိုးပင်တွေကို မဖြန့်ဝေတော့ပဲ၊ ဒေသနဲ့ကိုက်ညီတဲ့ မျှင်ဝါးဖြူမျိုးစေ့တွေကို လှူဒါန်းသွားဖို့ စီစဉ်နေတယ်၊ တစ်ချို့နေရာတွေဆိုရင် ဖြန့်ဝေပေးပြီးသွားပြီ၊ ကျေးရွာတွေကိုသာမက တစ်ချို့သစ်ပင်စိုက်တဲ့ အသင်းတွေက သူတို့လည်း စိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်ပါ၊ မျိုးစေ့ကို လှူဒါန်းပေးသွားမှာပါ၊ ရာသီဥတုတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နေသလို၊ ပြည်သူများကလည်း ဝိုင်းဝန်း ပါဝင်ကြပါလို့ ပြောချင်ပါတယ်” ဟု ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။

 

၂ဝ၁၉ ခုနှစ်တွင် မျှင်ဝါးဖြူမျိုးစေ့များကို ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ အရာတော်မြို့နယ်သို့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနတို့နှင့် ချိတ်ဆက်ပြီး လှူဒါန်းသွားမည်ဖြစ်ကာ ဝါးပင်စိုက်ပျိုးလိုသူ အသင်းအဖွဲ့များအနေဖြင့် ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအသင်းဥက္ကဋ္ဌ ဦးသန့်ဇင် ဖုန်း-ဝ၉၄၂၂၁၃ဝ၃၆၅ နှင့် ဆက်သွယ်ပြီး မျှင်ဝါးဖြူမျိုးစေ့များ ထုတ်ယူနိုင်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

1