ရန်ကုန် ၄ ဧပြီ
နယ်သာလန်နိုင်ငံမှ 3o Reis Dutch TV Show မှ Khiri Travel Myanmar Ltd ၏ စီစဉ်မှုဖြင့် ဧပြီလအတွင်း ခရီးသွားမြှင့်တင်ရေး သတင်းမှတ်တမ်းဗီဒီယို ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
ရိုက်ကူးရေး အစီအစဉ်များမှာ ဧပြီ ၃ရက်မှ ဧပြီ ၁၆ ရက်အတွင်း ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၊ ဘားအံမြို့ ဆဒ္ဒန်ဂူ၊ ဦးနာအောက်ရွာနှင့် လင်းနို့ဂူ၊ မင်းတပ်မြို့နယ်အတွင်းရှိ ချင်းရွာများ၊ စလေမြို့ရှိ ရုပ်စုံကျောင်း၊ မကျည်းကန်ရွာ(Community Based Tourism) တို့တွင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁၃ ရက်တွင် မနက် ၈ နာရီခွဲတွင် မြို့လယ် မဟာဗန္ဓုလပန်း၌ အင်တာဗျူး ရိုက်ကူးရေးနှင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ လမ်းလျောက်သင်္ကြန်၊ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းမှ သင်္ကြန်ရေကစားမဏ္ဍပ်များ၊ မွန်းလွဲပိုင်းတွင် သုဝဏ္ဏကွင်းရှိ ရခိုင်သင်္ကြန် မဏ္ဍပ်များမြင်ကွင်း မဟာသင်္ကြန် ရေသဘင်ပွဲဆင်နွှဲမှု မြင်ကွင်းစုံတို့ကို ရိုက်ကူးသွားမည်ဟု သိရသည်။
ဧပြီ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ One entertainment and Thuwannabhumi entertainment တို့ရှိ EDM festival များကိုလည်း ရိုက်ကူးမည်ဖြစ်ပြီး ညပိုင်းတွင် ညနေဆည်းဆာ အလှနှင့် ရွှေတိဂုံစေတီတော်တွင် ဆီမီးကပ်လှူခြင်း မြင်ကွင်းအလှကို ရိုက်ကူးမည် ဟု သိရသည်။
မြန်မာနိုင်ငံတွင် ခရီးသွားမြှင့်တင်ရေး အနေဖြင့် တောင်ကိုရီးယားနိုင်ငံမှ F4 film၊ တရုတ်နိုင်ငံမှ တစ်မြစ်တည်းနေ တစ်ရေတည်းသောက် ဇာတ်လမ်းနှင့် Line Walker II ဇာတ်ကားများကိုလည်း လာရောက်ရိုက်ကူးခဲ့သည်။
ဖိုးသန့်


