ပဲခူး  ၄  ဧပြီ

 

နွေရာသီ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး နွေရာသီအားကစား(၈)မျိုးဖြင့် သင်တန်းပြီးမြောက်သွားသူများအား လူမှုရေးဝန်ကြီး  ဒေါ်ညွန့်ညွန့်ဌေး၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

 

1

 

ထို့နောက် သင်တန်းသား သင်တန်းသူများက  ဘောလုံး၊ ကရာတေးဒို၊ fitness dance၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ တင်းနစ် စသည့် အားကစားများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစား အသိစိတ်ဓာတ်များ ပိုမိုသက်ဝင် ယုံကြည်လာခြင်းမှ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသား အားကစားအဆင့်အတန်း မြင့်တက်လာစေရန်နှင့် နွေရာသီ အားကစားသင်တန်းများမှတဆင့် အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ် လူငယ်အားကစားသမားများ ရှာဖွေဖော်ထုတ် ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၆၈၁ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

 

1