ပဲခူး   ၄ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်း ပေ(၁၀ဝ)အတွင်း ပါဝင်သွားသည့် သီးနှံပင်များအတွက် နစ်နာကြေး ပေးလျော်ခြင်း အခမ်းအနားကို ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက “ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ပြီး သီးနှံနစ်နာကြေး ပေးလျော်နိုင်ရန်အတွက် ခြံပိုင်ရှင်များနှင့်အတူ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တစ်ပင်ချင်းစီ ကွင်းဆင်း တိုင်းတာခြင်း၊ သက်တမ်းသတ်မှတ်ခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ယခုလို နှစ်ရှည်သီးနှံအတွက် နစ်နာကြေး ပေးလျော်ရခြင်း ဖြစ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်မှ နှစ်ရှည်သီးနှံများအတွက် နစ်နာကြေး တန်ဖိုးင ွေပေးလျော်ခြင်းကို စာချုပ်စာတမ်း များနှင့်တကွ ဆောင်ရွက်မည်ဖြစ်၍ စာချုပ်ပါ စည်းကမ်းချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး နှစ်ရှည်သီးနှံများအတွက် နစ်နာကြေးငွေများအား တစ်ဦးချင်းအလိုက် စာချုပ်စာတမ်းတွင် လက်မှတ်ရေးထိုးစေကာ ပေးလျော်ခဲ့သည်။

 

အဆိုပါ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းပေ (၁၀ဝ)အတွင်း နှစ်ရှည်သီးနှံပင်များ ပါဝင်သွားသည့် စိုက်ပျိုးသူ ၁၆ ဦးရှိရာ ၁၃ ဦးအတွက်  နစ်နာကြေး စုစုပေါင်းကျပ် ၁၅၅၅၄၈၇၆၆.၃ ပေးလျော်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)