မိတ္ထီလာ ၄ ဧပြီ
သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြပွဲနှင့် အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ကြည်စိန်၏ စိုက်ပျိုးရေးခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ဒေသခံတောင်သူများ ပြုပြင်ပြောင်းလဲရမည့် အကြောင်းအရာများနှင့် မိမိတို့ လယ်ယာများတွင် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ သဘာဝမြေဆွေးများ ရာသီတိုင်း နည်းစနစ် မှန်ကန်စွာ ဖြည့်ဆည်းပေးမည် ဆိုပါက သီးနှံများ အထွက်အနှုန်း တိုးတက်စေမည်ဖြစ်ကြောင်း၊ သီးနှံ အကြွင်းအကျန်များကို အကျိုးရှိစွာ အသုံးပြုစေနိုင်ရန်နှင့် သဘာဝမြေဆွေး အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးရလဒ်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးလေးမောင်မောင်ထက်က သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်းများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ဇောင်ချမ်းကုန်း၊ မကျီးချောက်၊ ညောင်ကုန်း၊ ဂွေးတောက်ကုန်း၊ ကဖြူကျေးရွာများမှ ဒေသခံတောင်သူများအား သဘာဝမြေဆွေး ပြုလုပ်နည်းများကို လက်တွေ့ပြသခဲ့သည်။
သဘာဝမြေဆွေး ပြုလုပ်ရာတွင် အစိုဓာတ် ရရှိစေရန် ရေအနည်းငယ်၊ မိမိပတ်ဝန်းကျင်မှ ရရှိသည့် သီးနှံ အကြွင်းအကျန် ပစ္စည်းများ၊ ကောက်ရိုး၊ မြေပဲရိုး၊ နှမ်းရိုး၊ သစ်ရွက်ခြောက်များ၊ ပြောင်းရိုးများ၊ ဆွေးမြေ့စေရန် ထုံး (သို့မဟုတ်) ပုလဲဓာတ်မြေသြဇာ၊ အသင့်အသုံးပြုနိုင်သည့် EM(Effect Microorganism)၊ တင်လဲရည်၊ နွားချေး၊ ဆိတ်ချေး၊ ပလတ်စတစ်အကြည်တို့ဖြစ် ဆောင်ရွက်ရကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


