ယင်းမာပင်  ၄     ဧပြီ       

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာတွင် မြန်မာ့ရိုးရာ နွားလှည်းဒုန်းမောင်းပြိုင်ပွဲကို အတန်းအစား(၃)ခု ခွဲခြားပြီး ကျင်းပလျက်ရှိကြောင်း မြန်မာ့ရိုးရာနွား နွားလှည်း ဒုန်းမောင်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးဆန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

 

မြန်မာ့ရိုးရာနွားလှည်းဒုန်းမောင်ပြိုင်ပွဲကို မြန်မာမျိုးရင်း နွားမျိုးကောင်းမျိုးသန့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ ပြိုင်ပွဲဝင်နွားများ၏ တန်ဘိုးများမြင့်တက်လာစေရန်၊ အနယ်နယ်အရပ်ရပ်မှ နွားမွေးမြူရေးသမားများ တွေ့ဆုံပြီး မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ရန်နှင့် သီးနှံများရိတ်သိမ်းပြီးချိန် တောင်သူများပျော်ပွဲရွှင်ပွဲ အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

''ပြိုင်ပွဲအမျိုးအစား(၃)မျိုးနဲ့ ထည့်သွင်းကျင်းပတာပါ၊ ပြိုင်ပွဲများတွင် အသက်(၂)နှစ်ကျော်ရှိတဲ့ နွားတွေပြိုင်တဲ့ သွား(၂)ချောင်းစိုက်အငယ်တန်း၊ သွား(၄)ချောင်းစိုက် အလတ်တန်းနှင့် သွား(၆)ချောင်းစိုက် အတန်း အကြီးတန်း စတဲ့အတန်း စုစုပေါင်း (၃)မျိုးနဲ့ကျင်းပတာပါ၊ ဒီပြိုင်ပွဲတွေမှာ ပထမနဲ့ ဒုတိယဆုတွေကို ပြိုင်ပွဲအပြီးတစ်ခါတည်း ဆုချပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ်ကပြိုင်ပွဲလာနွားအစီရေနည်းတော့ ပြိုင်ပွဲဝင်တန်း အလိုက် ပြိုင်ပွဲအပြီးတွင် တစ်ခါတည်း ဆုပေးလိုက်ရခြင်းဖြစ်ပါတယ်'' ဟု မြန်မာ့ရိုးရာနွား နွားလှည်း ဒုန်းမောင်း ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဦးဆန်းဝင်းက ပြောသည်။

 

ပြိုင်ပွဲသို့  ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များမှ နွားဝါသနာပါသူ တောင်သူများက လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်မှ နွားဝါသနာရှင် တောင်သူများနှင့် ပြည်သူများ လာရောက်လားပေးကြကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)