ပွင့်ဖြူ   ၄ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးသို့ ယခုရက်ပိုင်း ပြည်တွင်းဘုရားဖူး ဧည့်သည်များ နေ့စဉ်လာရောက်ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိနေကြောင်း ဘုရားဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးထံမှ သိရသည်။

 

1

 

“ ယခုရက်ပိုင်း ကျွန်တော်တို့ မြို့နယ်က သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ ပြည်တွင်း ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်ကြပြီး စည်ကားနေပါတယ်၊ ဒီရာသီက ပွင့်လင်းရာသီချိန်ဖြစ်တော့ ပြည်တွင်း ဘုရားဖူးဧည့်သည်တွေအတွက် စိတ်အပန်းဖြေ အနားယူလို့ကောင်းတဲ့ ရာသီချိန်ဖြစ်ပါတယ်။ နောက်ပြီး ခုအချိန်က မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပနေတဲ့အချိန်ဖြစ်လို့ ပြည်တွင်း ဘုရားဖူးဧည့်သည်များ မန်းရွှေစက်တော် ဘုရားပွဲတော်ကအပြန် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးကို ဝင်ရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ နေ့စဉ် လာရောက် ဖူးမြော်တဲ့ ဘုရားဖူးအရေအတွက် တစ်ရက်ကို လူဦးရေ ၁၅၀  လောက် ရှိပါတယ်” ဟု စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုး က ပြောသည်။

 

1

 

သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဟာ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက ရဟန္တာ ငါးရာနဲ့ ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့တဲ့ ဘုရားကြီးတဲ့အတွက် လာရောက်ဖူးမြော်မယ်ဆိုရင် မြတ်စွာဘုရားရှင် ကြွရောက် သီတင်းသုံးနေထိုင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းတွေကို လေ့လာခွင့်ရပါမယ်။ ပြီးရင် ဘုရားကြီး အနီးမှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်၏ သစ္စာဆေးတော်ကန်ကို လေ့လာနိုင်ပြီး သစ္စာဆေးတော်ကန်က ရေကိုလည်း မှီဝဲသောက်သုံးခွင့် ရရှိပါမယ်။ နောက်ပြီး ထူးခြားမှု လေ့လာစရာတစ်ခုအနေနဲ့ သစ္စာဆေးတော်ကန်အနီးရှိ စန္ဒကူးတောမှာ တစ်ပင်တည်းသော စန္ဒကူးပင်ကြီးက ထူးကဲအနံ့အရသာ စန္ဒကူးနံ့သာ ထွက်ရှိမှုကိုလည်း လေ့လာခွင့် ရရှိပါမယ်ဟု ၎င်းက ဆက်လက်ပြောပြသည်။

 

စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် ယခုလို ပွင့်လင်းရာသီချိန်များတွင် ပြည်တွင်း ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်ဖူးမြော်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1