ပေါက် ၄ ဧပြီ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ပုသိမ်-မုံရွာ ကားမဘေး သနပ်ပင်ဇင်းကျေးရွာအနီး ၁၀ ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ပိတောက် သစ်ခွဲသားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ပေါက်မြို့နယ် သစ်တောဦးစီး မှူး ဦးမျိုးသိန်းထိုက်နှင့် သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းဇော်ထွန်းနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ ပုသိမ်-မုံရွာ ကားလမ်းမဘေး သနပ်ပင်ဇင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၃၈၅/ဝ)နှင့် (၃၈၅/၁)ကြားတွင် ရပ်တန့်ထားသော ယာဉ်အမှတ်မပါ NISSAN DIESEl (၁၀)ဘီး ယာဉ်အား စစ်ဆေးခဲ့ရာ တရားမဝင် ပိတောက်ခွဲသား ဆိုဒ်စုံ ၁၆၅ ချောင်း ၁၃ ဒသမ ၆၅၃၂ တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သစ်များကို မြို့နယ်သစ်တောဦးဌာန မြို့မပျိုးဥယျာဉ်သို့ သယ်ဆောင်သိမ်းဆည်းထားပြီး သစ်ပိုင်ရှင် ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဉာဏ်တိုး (ပေါက်)
