နေပြည်တော် ၄ ဧပြီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဧပြီ ၁ ရက်မှ ၄ ရက်အထိ တရုတ်နိုင်ငံ၊ ရှန်းကျင့်မြို့ ကွမ်တုန်းပြည်နယ်နှင့် ကူမင်းမြို့ ယူနန်ပြည်နယ်များသို့ အလုပ်သဘောခရီးစဉ် သွားရောက် ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁ ရက် နံနက်တွင် ရှန်းကျင့်မြို့သို့ ရောက်ရှိခဲ့ပြီး Huawei သတင်းနည်းပညာ ဗဟိုဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် ကျွမ်းကျင်သူများနှင့် တွေ့ဆုံသည်။
ဧပြီ ၂ ရက်တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တီထွင်ဆန်းသစ်မှုဗဟိုဌာနနှင့် ရှန်းကျင့် ရဲတပ်ဖွဲ့၏ ရဲကွပ်ကဲမှု ဗဟိုဌာနများသို့ ရောက်ရှိလေ့လာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်အဖွဲ့သည် ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲချုပ် Mr.Ren Jun Hao ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


