နေပြည်တော် ၄ ဧပြီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အေးချမ်းမြန်မာ အင်စတီကျုတို့ ပူးပေါင်း၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ကျား/မရေးရာကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် CEDAW ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် CEDAW အပိုဒ် ၇ ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ မူဝါဒ (၂၀၁၉ − ၂၀၂၂) ကို ရေးဆွဲခဲ့ပြီး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ တာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW ( ၂၀၁၃ - ၂၀၂၂ ) ကို အကောင်အထည် ဖော်ရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့သင်တန်းသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ကျား/မ တန်းတူညီမျှရေး သဘောထားအမြင်များ ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင်ပို့ချမည့် သင်ခန်းစာများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတစ်လျှောက် ကျား/မ တန်းတူညီမျှရေးမူဝါဒ အကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်မှာ ဖြစ်သည့်အတွက် စနစ်တကျ လေ့လာမှတ်သား၍ အကျိုးရှိရှိ ပြန်လည် အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အေးချမ်းမြန်မာ အင်စတီကျုမှ နည်းပညာအကြံပေး ဆလိုင်းအိုက်ဇက်ခင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ သင်တန်သား၊ သင်တန်းသူ စုစုပေါင်း(၅၀) တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


