မြိတ် ၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပထော်ကျေးရွာတွင် နှစ်ပေါင်း(၇၀)ကျော်ကတည်းက ရွာရှိ အမျိုးသမီးများ တနိုင်တပိုင်လုပ်ငန်းအနေဖြင့်လုပ်ကိုင်လာသည့် တံမြက်စည်းလုပ်ငန်းကို ကုန်ကြမ်းဖြစ်သည့် ကျူပင်ဈေးမြင့်တက်လာမှုကြောင့် တနိုင်တပိုင် လုပ်ကိုင်သူနည်းပါးလာကြပြီး တခြားလုပ်ငန်းသို့ ပြောင်းလဲလုပ် ကိုင်လာကြကြောင်း သိရသည်။
“အရင်က တံမြက်စည်းလုပ်ငန်းပြုလုပ်တာ တစ်ရွာလုံးနီးပါးပါပဲ အခု ကသိပ်မလုပ်ကြတော့ပါဘူး။ လူငယ်တွေက ဈေးဆိုင်တွေ ရောင်းကြပြီး နည်းနည်းပါးပါးပဲရှိပါပြီ။ (၅၀)ဦးခန့်ကျန်ဦးမှာပါ” ဟု ပထော် ကျေးရွာမှ အသက်(၆၀)ကျော် အဘွား ဒေါ်မြငွေ က ပြောသည်။
တံမြက်စည်းသည် အိမ်မှာနေထိုင်ရင်း အိမ်မှုကိစ္စလုပ်ရင်း လုပ်လို့ရသည့်လုပ်ငန်းဖြစ်သည့်အတွက် ဒီရွာမှာနေထိုင်သည့် အမျိုးသမီးများသည် ဒီအတတ်ပညာကို တတ်ကြပါကြောင်း၊ ယခုလက်ရှိ စည်းနေတဲ့ တံမြက်စည်းတွေက ထိုင်းနှင့်ရန်ကုန်သို့ ပေးပို့လျက်ရှိကြောင်း၊ ၄င်းတို့ကိုပို့သည့် တံမြက်စည်းသည် တစ်ချောင်း (၅၂၀)ကျပ်ရကြောင်း၊ ဒေသတွင်းရောင်းသည့်ဈေးမှာ တံမြက်စည်းအပါးဖြစ်ပြီး တစ်ချောင်း(၄၀ဝ)ကျပ်ရ ကြောင်း၊ စားဝတ်နေရေးမကိုက်တဲ့သူတွေက ပတ်ဝန်းကျင်ရှိ တခြားအလုပ်ကို ပြောင်းလဲလုပ်ကိုင်ကြကြောင်း တံမြက်စည်းလုပ်ကိုင်နေသူများထံမှ သိရသည်။
“သားတွေသမီးတွေနဲ့ အိုးမကွာအိမ်မကွာ လုပ်ရသည့်အလုပ်ဖြစ်ပြီး အရင့်အရင် ဘိုးဘွား လက်ထက်ကတည်းက လုပ်လာတာဖြစ်ပါတယ်။ အခုဆိုရွာမှာ (၃)ပုံ(၁)ပုံသာ ရှိတော့တယ်။ အသက်ကြီးတဲ့သူတွေလည်း နားကုန်ကြပါပြီ” ဟု တံမြက်စည်းလုပ်ငန်းလုပ်ကိုင်နေသူ မသင်းသင်းမြတ် က ပြောသည်။
တံမြက်စည်းလုပ်သည့် ကျူပင်သည် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကုန်ကြမ်းစပေါ်ပြီး ဖေဖော်ဝါရီ (၁၅) ရက်ဆိုရင် သက်တမ်းကုန်ဆုံးကြောင်း၊ ဖေဖော်ဝါရီ(၁၅)နောက်ပိုင်း ထွက်လာတဲ့ ကျူပင်သည် တံမြက် စည်းပြုလုပ် အသုံးပြုသည့်နေရာတွင် ကျွတ်ဆတ်သည့်အပိုင်းဖြစ်လာကြောင်း၊ တံမြက်စည်းလုပ်ရင်လည်း လှပသေသပ်မှုမရှိသည့်အတွက်ကြောင့် ကုန်ကြမ်းကို ဒီဇင်ဘာလ(၂၅)နောက်ပိုင်းမှ ဖေဖော်ဝါရီ(၁၅)ရက်ပိုင်း အတွင်းတွင်သာ ကုန်ကြမ်းများ ဝယ်ယူသိုလှောင်ရကြောင်း သိရသည်။
“ကျူပင်ဆိုတဲ့ ကုန်ကြမ်းသည် တောကိုမှီပြီးဖြစ်လာတဲ့အတွက် တောပြုန်းလာတာနှင့်အမျှ ကုန်ကြမ်း ရှားပါးမှုပြဿနာကြုံတွေ့လာရတယ်။ ကုန်ကြမ်းရှားပါးလာပြီး ဝယ်လိုအားများလာပါတယ်။ ဒါကြောင့် ဈေးတက် လာတယ်လို့ ထင်မြင်ယူဆပါတယ်” ဟု ပထော်ရွာနေ ကျူပင် ဝယ်ယူသိုလှောင်ရောင်းချနေသူ ဦးအုန်းကျော်က ပြောသည်။
ယခင်က တံမြက်စည်းလုပ်ငန်းသည်တစ်မိသားစုလုံးစားလို့ရကြောင်း၊ ယခုဆို တစ်မိသားစုလုံး စားလို့ မလုံလောက်ကြောင်း၊ ကုန်ကြမ်းဈေးကများလာ၍ အမြတ်ငွေနည်းပါးလာကြောင်း၊ ယခင်က တံမြက်စည်း တစ်ချောင်း ရောင်းရငွေ(၃၀ဝ)ကျော်သာရပေမယ့် ကုန်ကြမ်းဖြစ်သည့် ကျူပင်သည် ဈေးမများကြောင်း၊ ကုန်ကြမ်း ဖြစ်သည့် ကျူပင်သည် လွန်ခဲ့သော(၃)နှစ်ခန့်က တစ်စည်းလျှင် (၂၀ဝ၀)ကျော်သာရှိပြီး ယခုဆိုရင် (၃၀ဝ၀) ကျော်လာကြောင်း၊ တစ်နေ့လျှင် အစအဆုံးလုပ်လျှင် အချောင်း(၅၀)သာပြီးကြောင်း၊ အမြတ်ငွေအနေဖြင့် (၄၀ဝ၀)ကျပ်မှ(၅၀ဝ၀)ထိရကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
ပထော်ကျေးရွာသည် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး မြိတ်မြို့တဖက်ကမ်းတွင်တည်ရှိ ကာ အိမ်ခြေ(၅၀ဝ)ခန့်၊ လူဦးရေ(၁၂၀ဝ)ကျော်ရှိကြောင်း၊ ၄င်းကျေးရွာ ရေလုပ်ငန်း၊ ဥယျာဉ်၊ ရောင်းဝယ်လုပ်ငန်းနှင့် ကုမ္ပဏီဝန်ထမ်း လုပ်ကိုင်လျက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


