နေပြည်တော် ၄ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန် ရွှေဘ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းတို့က ဦးဆောင်ကျင်းပကြသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က သတင်းထုတ်ပြန်ရသည့် အကြောင်းအရင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ မူဝါဒ၊ လုပ်ငန်း စဉ်များ၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် က မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ခြင်းဆိုင်ရာဆောင်ရွက်မှုအခြေအနေများ၊ ဒေသခံပြည် သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၏ ဆောင်ရွက်မှုအခြေအနေများ၊ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရွက်မှု အခြေအနေများ၊ တရားမဝင်သစ်တားဆီးကာကွယ်ရေးနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း ၍ လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး က ပြည်သူများသို့ စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေနှင့် သက်ဆိုင်ရာကဏ္ဍများတွင် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ် ကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အသိပညာပေးခြင်း ဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည် က ကျွန်းနှင့်သစ်မာထုတ်လုပ်မှု၊ တင်ပို့မှု၊ ဖြန့်ဖြူးရောင်းချမှုများ၊ EIA အစီရင်ခံစာနှင့် လတ်တလောဥရောပနိုင်ငံများသို့ ကျွန်းသစ် တင်ပို့ရောင်းချခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏မေးမြန်း ချက်များနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး ၊ အထွေထွေမန်နေဂျာ ဦးအေးကျော်၊ အထွေထွေ မန်နေဂျာ ဦးခွန်အောင်စိုးနှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည် တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


