ဘုတလင် ၄ ဧပြီ
မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့နယ် လွှဲတဲကျေးရွာအနီးရှိ မင်းကျော်အောင်ဓာတ်ဆီဆိုင်၌ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်ဌေးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကျရောက်ပါက မီးသတ်ကားများ အလျှင်အမြန် ဝင်ရောက်နိုင်ရေး လမ်းကြောင်း များ ရှင်းလင်းခြင်း၊ အပေါ့စား မီးသတ်စက်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ သာမန်မီးလောင်ခြင်း၊ လောင်စာဆီအမျိုးမျိုးကြောင့် လောင်ကျွမ်းခြင်း၊ ဂတ်စ်ကြောင့် လောင်ကျွမ်းခြင်းနှင့် လျှပ်စစ်ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်းများကို အချိန်တိုအတွင်း မီးငြှိမ်းသတ်နိုင်မှုကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး မင်းကျော်အောင်ဓာတ်ဆီဆိုင်မှ ဝန်ထမ်းများ နှင့်အတူ လက်တွေ့စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန် ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်နှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တက်ရောက် ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


