နေပြည်တော် ၄ ဧပြီ
ဆုံးရှုံးနိုင်ခြေအခြေခံသော ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာနည်းလမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်သန်းသန်းဆွေက ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးသည့်နည်းလမ်း ပြောင်းလဲကျင့်သုံးရသည့် အဓိကရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ဘဏ်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် တိုးတက်လာသဖြင့် ဘဏ်၏စီမံခန့်ခွဲသူများအနေဖြင့် မိမိဘဏ်၏ လုပ်ငန်းများနှင့် ဆက်စပ်၍အဓိကဆုံးရှုံးနိုင်ခြေများကို သေချာနားလည်ပြီး၊ ဘဏ်လုပ်ငန်း ဆောင်ရွက်သည့်အခါတွင် အားကောင်းခိုင်မာစေရန် ရည်ရွယ်ပါကြောင်း။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များကို ကြီးကြပ်စစ်ဆေးရာတွင် ဘဏ်များ၏ အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေး ရှင်းတမ်းများ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ သတ်မှတ်ထားသောငွေရေး ကြေးရေးခိုင်မာမှု ညွှန်းကိန်းများကို စောင့်ကြည့်၍ လိုအပ်ပါက သွားရောက်စစ်ဆေးခြင်းနှင့် စောင့်ကြပ်စစ်ဆေးခြင်း နည်းလမ်း ၂ မျိုးဖြင့် စစ်ဆေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော ဆုံးရှုံးနိုင်ခြေ အခြေခံသော ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းအား ပြောင်းလဲ ကျင့်သုံးနိုင်ရန်အတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့၏ နည်းပညာအကူအညီကို ၂၀၁၈ ခုနှစ်ကစတင်၍ ရယူခဲ့ပြီး၊ ဌာနတွင်း လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကာ ဘဏ်အချို့ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင် ယခင်ကျင့်သုံးနေသော နည်းလမ်းဟောင်းနှင့် နည်းလမ်းသစ်တို့ကို ပူးတွဲကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ဆုံးရှုံးနိုင်ခြေ အခြေခံသော ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းအား အပြည့်အဝ ကျင့်သုံးနိုင်ရန် ရည်မှန်းထားပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့မှ ကျွမ်းကျင်သူ Mr. Ian Tower နှင့် အကြံပေး Mr. Inwon Song တို့က နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဆုံးရှုံးနိုင်ခြေ အခြေခံသော ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာနည်းလမ်း အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


